အောင်လံတွင် ကျပ်တစ်သောင်းတန် ငွေအတုတစ်ရွက်လျှင် ၃၀ ကျပ်၊ ငါးထောင်တန် ငွေတုတစ်ရွက်လျှင် ၁၅ ကျပ်နှုန်းဖြင့် ရောင်းချနေမှုများ ရှိနေ

အောင်လံတွင် ကျပ်တစ်သောင်းတန် ငွေအတုတစ်ရွက်လျှင် ၃၀ ကျပ်၊ ငါးထောင်တန် ငွေတုတစ်ရွက်လျှင် ၁၅ ကျပ်နှုန်းဖြင့် ရောင်းချနေမှုများ ရှိနေ
Published 19 August 2017

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် ကျပ်တစ်သောင်းတန် ငွေအတုတစ်ရွက်လျှင် ၃၀ ကျပ်၊ ငါးထောင်တန် ငွေတုတစ်ရွက်လျှင် ၁၅ ကျပ်နှုန်းဖြင့် ရောင်းချနေမှုများ ရှိနေကြောင်း သတင်းရရှိပါသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အောင်လံမြို့မဈေးကြီးအတွင်း ဈေးဆိုင်တစ်ဆိုင်တွင် ငွေအတုဖြင့် လာရောက်ဝယ်ယူမှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးသောအခါ ငွေအတုဖြင့် ဈေးလာဝယ်သူမှ တိမ်းရှောင်သွားခဲ့သဖြင့် ဖမ်းဆီးရရှိမှု မရှိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

‘‘ငွေအတု ငါးထောင်တန် တစ်ရွက်ကို ၁၅ ကျပ်၊ တစ်သောင်းတန်တစ်ရွက်ကို ၃၀ ကျပ်နဲ့ ရောင်းချမှုတွေ ရှိနေတယ်လို့ သတင်းရပါတယ်။ ဒီငွေအတုကိစ္စကို စုံစမ်းနေပါတယ်။ လုပ်နေတဲ့လူတွေမိရင် မြန်မာနိုင်ငံ ဗဟိုဘဏ် ဥပဒေနဲ့ အမှုဖွင့် အရေးယူသွားမှာပါ” ဟု အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

အဆိုပါ ငွေအတုအရောင်းအဝယ်ပြုလုပ်နေသူများအား ရဲတပ်ဖွဲ့မှ စုံစမ်းလျက်ရှိပြီး လက်ရှိတွင် ငွေအတု တချို့ကိုလည်း တွေ့ရှိသိမ်းဆည်းထားကြောင်း သိရပါသည်။

Most Read

Most Recent