မြောင်းမြမြို့ တောင်ကလေးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုမှ ကျူးလွန်သူအား အချိန်လေးလကျော် ကြာမြင့်သည်အထိ ဖမ်းဆီးရမိခြင်း မရှိသေး

မြောင်းမြမြို့ တောင်ကလေးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုမှ ကျူးလွန်သူအား အချိန်လေးလကျော် ကြာမြင့်သည်အထိ ဖမ်းဆီးရမိခြင်း မရှိသေး
Published 24 April 2018

ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည့် မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုတွင် ထွက်ပြေးတိမ်းရှောင်နေသူ၏ ဓာတ်ပုံအား တွေ့ရစဉ်

မြောင်းမြမြို့ တောင်ကလေးကျေးရွာအုပ်စု တောင်ကလေးကျေးရွာတွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ  ၁၀ ရက် ညနေ ၃ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုတွင် ထွက်ပြေး တိမ်းရှောင်သွားသော ကျူးလွန်သူဟု ယူဆရသူ ဦးသန်းဇော် (၄၅ နှစ်) အား အခင်းဖြစ်ပွားချိန်မှ အချိန်လေးလကျော် ကြာမြင့်လာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့တွင် တောင်ကလေးရွာရှိ ဦးသန်းဇော် အသက် (၄၅ နှစ်) ၏ နေအိမ်တွင် ဇနီးဖြစ်သူ မတင်တင်စန်းနှင့်အတူ ကွမ်းရွက်များ စီနေစဉ် လင်မယား အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ စကားများ ရန်ဖြစ်ရာမှတစ်ဆင့် ဦးသန်းဇော်မှာ အနီးရှိ ဓားမဖြင့် မတင်တင်စန်း အသက် (၃၃ နှစ်) အဖဦးလှရီအား သေစေသည်အထိ ခုတ်ပိုင်းခဲ့ကြောင်း၊ မတင်တင်စန်းမှာ ဓားဖြင့် အခုတ်ခံရနေစဉ် အော်ဟစ်အကူညီ တောင်းခံခဲ့သောကြောင့် မတင်တင်စန်း၏ မိခင်ဖြစ်သူ ဒေါ်ခင်ရီအသက် (၆၀ နှစ်) အဖဦးချစ်အောင်မှာ လာရောက်ခဲ့သဖြင့် ဦးသန်းဇော်က ဒေါ်ခင်ရီကိုပါ ထပ်မံခုတ်ပိုင်းခဲ့ပြီး ဖျန်ဖြေရန် ထပ်မံလာရောက်ခဲ့သည့် ဒေါ်ခင်ရီ၏ ချွေးမတော်စပ်သူ မစန္ဒာဦး အသက် (၂၅ နှစ်) အဖ ဦးသိန်းဇံကိုပါဓားဖြင့် ထပ်မံခုတ်ပိုင်းခဲ့ကြောင်း၊ ယင်းနောက် နေအိမ်ခြံဝင်း အတွင်းတွင် လာရောက် ဆော့ကစားနေသည့် တူတော်စပ်သူ မောင်လင်းလင်းထိုက် အသက် (၁၀ နှစ်) အဖဦးဇော်ထိုက်ကိုပါ ဓားမဖြင့် ထပ်မံခုတ်ပိုင်းခဲ့ကြောင်း၊ ဓားဖြင့် အခုတ်ခံရသူများအနက် မတင်တင်စန်း၊ ဒေါ်ခင်ရီနှင့် မောင်လင်းလင်းထိုက်တို့မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး မစန္ဒာဦးမှာ ဒဏ်ရာများ ရရှိခဲ့ပြီး မြောင်းမြပြည်သူ့ဆေးရုံသို့ တက်ရောက် ဆေးကုသမှု ခံနေရကြောင်း၊ ကျူးလွန်ခဲ့သူဟု ယူဆရသူ ဦးသန်းဇော်မှာ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင် သွားခဲ့ပြီး ရဲတပ်ဖွဲ့မှ နယ်မြေပိတ်ဆို့ လိုက်လံရှာဖွေခဲ့သော်လည်း အချိန်လေးလကျော် ကြာမြင့်သည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း၊ ကျူးလွန်သူဟု ယူဆရသူ ဦးသန်းဇော်၏ ဓာတ်ပုံများကို ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပေးခဲ့ပြီး တွေ့ရှိပါက ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ဖုန်းနံပါတ် ၀၄၂၂၁၀၃၀ သို့လည်းကောင်း၊ မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဖုန်းနံပါတ် ၀၄၂၇၀၅၁၀ သို့လည်းကောင်း၊ မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ဖုန်းနံပါတ် ၀၄၂၇၀၅၁၂ သို့လည်းကောင်း၊ မြောင်းမြမြို့မရဲစခန်း ဖုန်းနံပါတ် ၀၄၂၇၀၃၁၄ သို့လည်းကောင်း ဆက်သွယ် သတင်းပေးပို့ ပေးပါရန်လည်း ကြေညာထားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း လိုက်နေဆဲပါ။ အမှုကိုလည်း ဆက်လက် လုပ်ဆောင်နေပါတယ်။ တရားခံ သွားလာနိုင်တဲ့ နေရာတွေ အားလုံးကိုလည်း လိုက်လံရှာဖွေ ထောက်လှမ်းထားဆဲပါ” ဟု မြောင်းမြမြို့မရဲစခန်းမှ အမှုစစ် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြောင်းမြမြို့မရဲစခန်းက လူတစ်ဦးအား ထိခိုက်ဒဏ်ရာရရှိစေပြီး လူသုံးဦးအား သတ်ဖြတ်ခဲ့သည်ဟု ယူဆရသူ ဦးသန်းဇော်အား ဖမ်းဆီးရမိနိုင်ရေးအတွက် (ပ) ၆၂၇/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ် ၃၀၂၊ ၃၂၆ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

Most Read

Most Recent