ပင်လည်ဘူးမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းမိနေပြီး ဧပြီ ၂၂ ရက်အထိ ကျပ်သိန်းပေါင်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့

ပင်လည်ဘူးမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းမိနေပြီး ဧပြီ ၂၂ ရက်အထိ ကျပ်သိန်းပေါင်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့
Published 24 April 2018

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဆက်တိုက် ဖမ်းမိနေပြီး ဧပြီလဆန်းပိုင်းမှစ တင်ကာ ဧပြီ ၂၂ ရက်အထိ ကျပ်သိန်းပေါင်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပင်လည်ဘူးမြို့မရဲစခန်းမှ စုံစမ်းသိရသည်။

ပင်လည်ဘူးမြို့နယ်တွင် ဧပြီ ၇ ရက်၊ ၂၀ ရက်နှင့် ၂၂ ရက်တို့တွင် မူးယစ်ဆေးဝါးများ အများအပြား ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၃၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဧပြီ ၂၂ ရက်က ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်မှာ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ပင်လည်ဘူးမြို့မရဲစခန်းမှ မြို့မစခန်းမှူး ဒုရဲမှူးသောင်းဌေး၊ မြေလင်းရဲစခန်းမှူး ရဲအုပ်ထွန်းသာေ၀ ဦးဆောင်သည့် အဖွဲ့နှင့်အတူ ဒေသတွင်း ဖွဲ့စည်းထားသည့် မူးစိတ်တားအဖွဲ့တို့ ပူးပေါင်း၍ ကောလင်း-ပင်လည်ဘူးသွား ကားလမ်းမိုင်တိုင် အမှတ် ၄၆/၅ မိုင်တွင် ကောလင်းဘက်မှ ပင်လည်ဘူးဘက်သို့ မောင်းနှင်လာသည့် ၁၂၅ ဆိုင်ကယ်နှစ်စီးအား သတင်းအရ ရပ် တန့်စစ်ဆေးခဲ့ရာ ရခိုင်ပြည်နယ် ပေါက် တောမြို့နယ် သစ်ချောင်းကျေးရွာနေ စိုးဝင်းနှင့် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ သိမ်ဘုရားကျေးရွာနေ မြလတ်တို့နှစ်ဦးထံမှ ဘိန်းဖြူဆပ်ပြာခွက် ၆၆ ခွက်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ ပြား၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၈၀၀ ကျော်ခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ မူးယစ်ဆေးဝါး ဖြန့်ချိရောင်းချသူ နှစ်ဦးကို မယ (ပ) ၅၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ တို့ဖြင့် ပင်လည်ဘူးမြို့မရဲစခန်းက အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ထို့ပြင် ဧပြီ ၇ ရက်က မူးယစ်ဆေးဝါး သတင်းအရ ပင်လည်ဘူး မြို့မရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့မစခန်းမှူးတို့ ဦးဆောင်ညွှန်ကြားပြီး ဒုရဲအုပ် ဖြိုးဝေလင်း ဦးစီးသော ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသတွင်း ဖွဲ့စည်းထားသည့် မိုးသောက်ကြယ်မူး စိတ်တားအဖွဲ့တို့ ပူးပေါင်းကာ ပင်လည်ဘူးမြို့နယ် ကသောအုပ်စု၊ အောင်းကုန်းကျေးရွာရှိ မောင်နိုင် (ခ) အောင်နိုင်ဦး၏ နေအိမ်သို့ သွားရောက် ရှာဖွေခဲ့ကြောင်း၊ ထိုသို့ ရှာဖွေရာတွင် မောင်နိုင်၏ နေအိမ်သို့ အလည်ရောက်ရှိနေသည့် အောင်အောင် (ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ် လွယ်ကန်ရွာနေသူ) တို့ကို အတူတွေ့ရှိခဲ့ကြောင်း၊ အဆိုပါနေအိမ် အတွင်းသို့ ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်အောက်ထပ် မြေကြီးအတွင်း တွင်းတူးကာ မြှုပ်နှံထားသည့် ပလတ်စတစ်ပုံး အတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြားများ ၂၇၈၀၀ ပြား၊ ကာလတန်ဖိုးငွေ ကျပ်သိန်း ၁၃၉၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် ဧပြီ ၂၀ ရက်တွင် ပင်လည်ဘူး မြို့မစခန်းမှူး ဒုရဲမှူးသောင်းဌေးဦးစီးအဖွဲ့နှင့် မိုးသောက်ကြယ် မူးစိတ်တားအဖွဲ့တို့ ပူးပေါင်း၍ ပင်လည်ဘူး -ကောလင်း ကားလမ်းမ မိုင်တိုင်အမှတ် ၄၃ /၅ မိုင်နှင့် ၄၃/၆ မိုင်ကြား၌ ဗန်းမောက်မြို့နယ်၊ နန်းစားကျေးရွာနေ အောင်ဇော်မောင်းနှင်လာသည့် ဆိုင်ကယ်အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးခဲ့ရာမှ ဘိန်းမည်း ၂၀ ထုပ်၊ အလေးချိန် ပိဿာ ၂၀ ခန့်ရှိ ကာလတန်ဖိုး ငွေကျပ်သိန်း ၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပင်လည်ဘူးမြို့မရဲစခန်းမှ စုံစမ်းသိရသည်။ ယင်းကြောင့် ပင်လည်ဘူးမြို့နယ်တွင် ယခုဧပြီတစ်လအ တွင်း၌ပင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ မှုမှာ ကျပ်သိန်းပေါင်း ၃၀၀၀ ကျော်ရှိသွား ပြီဖြစ်ကြောင်း သိရသည်။

“ဒီလအတွင်းက ကျွန်တော်တို့ ပင်လည်ဘူးမြို့နယ် အတွင်းမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုက ခပ်စိပ်စိပ် ဖြစ်နေတယ်။ အခုလည်း သတင်းဆက်ရထားလို့ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်” ဟု ပင်လည်ဘူးမြို့နယ်အတွင်း ဖွဲ့စည်းထားသည့် မူးစိတ်တားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပင်လည်ဘူးမြို့နယ်မှာ မူးယစ်ဆေးဝါးများကို ထုတ်လုပ်ခြင်း မရှိသော်လည်း ကချင်နှင့် ရှမ်းပြည်နယ်ဘက်များမှ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်လျက်ရှိပြီး ပင်လည်ဘူးမြို့နယ်ကို အခြေချ ဗဟိုပြု၍ အခြားမြို့နယ် ဒေသအသီးသီးသို့ ဖြန့်ချိရောင်းချမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိအချိန်တွင် ဒေသခံများက ဒေသဆိုင်ရာအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး ရောင်းချသူများအား ပုံစံမျိုးစုံဖြင့် ဖမ်းဆီးခြင်း၊ လက်ကားဒိုင်များကို ဖမ်းဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။

ပင်လည်ဘူးမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ပျံ့နှံ့နေမှု၊ လက်ကားဒိုင်ကြီးများဖြင့် ဖြန့်ချိရောင်းချနေမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပင်လည်ဘူး ဒေသခံ လူငယ်များက မိုးသောက်ကြယ် အမည်ဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေး ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

 

Most Read

Most Recent