ထားဝယ်မြို့ပေါ်တွင် လူငယ်တစ်စုက ရဲတင်း၊ တုတ်၊ ဓားများ အသုံးပြု ရိုက်နှက်သဖြင့် လူခြောက်ဦး ဒဏ်ရာရသည့်အမှုမှ ကျူးလွန်သူလူငယ် ၁၃ ဦးကို ဖမ်းဆီးထားပြီး တရားရုံးသို့စွဲတင်ရန် ဆောင်ရွက်နေ

ထားဝယ်မြို့ပေါ်တွင် လူငယ်တစ်စုက ရဲတင်း၊ တုတ်၊ ဓားများ အသုံးပြု ရိုက်နှက်သဖြင့် လူခြောက်ဦး ဒဏ်ရာရသည့်အမှုမှ ကျူးလွန်သူလူငယ် ၁၃ ဦးကို ဖမ်းဆီးထားပြီး တရားရုံးသို့စွဲတင်ရန် ဆောင်ရွက်နေ
Published 23 April 2018

ကျူးလွန်သူလူငယ်များအား ရဲစခန်းတွင် တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့သည့် မတ် ၃၁ ရက်ညက လူငယ်တစ်စုမှ ပွဲခင်းအတွင်းရန်ဖြစ်ကာ လူအချို့နှင့် လမ်းပေါ်၌ သွားလာနေသူများကိုပါ ရဲဒင်း၊ တုတ်၊ ဓားများအသုံးပြု၍ ရိုက်နှက်ခဲ့သဖြင့် လူခြောက်ဦး ဒဏ်ရာရသည့်အမှုမှ ကျူးလွန်သူ လူငယ် ၁၃ ဦးကို ဖမ်းဆီးထားပြီး တရားရုံးသို့စွဲတင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့်ညက ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်ရှိ ကြခတ်ပင် အရှေ့ဘုန်းတော်ကြီး ကျောင်းအတွင်း အလှူပွဲပြုလုပ်နေစဉ် လူငယ်တစ်စုမှ တုတ်၊ ဓား၊ ရဲတင်း (ပုဆိန်) များဖြင့် ရိုက်နှက်မှုဖြစ်ပွား၍ လူလေးဦး၊ DDPC Shopping Center အနီးတွင် ဆိုင်ကယ်စီး လူငယ်တစ်စုမှရိုက်နှက်၍ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးနှင့် ပိန္နဲတောရပ်ကွက်တွင် ဆိုင်ကယ်စီးလူငယ်တစ်စုမှ ရိုက်နှက်၍ တစ်ဦး စုစုပေါင်းလူခြောက်ဦးမှာ လူငယ်တစ်စုမှ တုတ်၊ ဓား၊ ရဲတင်း (ပုဆိန်)များဖြင့် ရိုက်နှက်ခဲ့သောကြောင့် ဦးခေါင်းနှင့် ခန္ဓာကိုယ်တိ့ု၌ ပြတ်ရှဒဏ်ရာများရရှိကာ ထားဝယ်ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

“ဆာမိသားတွေက ဓားနဲ့ခုတ်တာမှန်တယ်။ နောက်ပြီး တုတ်နဲ့ရိုက်တာတွေက ထွက်ဆိုချက်တွေရှိတယ်။ ကျန်တဲ့မဆိုင်တဲ့သူတွေကတော့ ပြန်ကြည့်ရမယ်။ လောလောဆယ်တော့ ၁၃ ဦးစလုံးကိုတော့ တရားရုံးစွဲတင်ဖို့ လုပ်နေတယ်။ လူကြီးကကိုးယောက် အသက်မပြည့်တဲ့လူငယ်က လေးယောက်ပါ။ သူတို့တွေကို စစ်ဆေးနေတုန်းပဲ။ ကာယကံမြောက်မပါရင်တော့ ပြန်လွှတ်ရမှာပေါ့။ ငါတို့ကတော့ တရားရုံးကို တင်လိုက်တော့မှာ။ ဥပဒေက ဒီလူဒီလူတွေ ဖယ်ပါဆိုဖယ်မယ်။ ဘာမှမပြောရင် အကုန်လုံးစွဲတင်လိုက်မယ်။ တရားသူကြီးက သူ့ဘာသာဆုံးဖြတ်လိမ့်မယ်။ ကိုယ်တို့က ဆုံးဖြတ်လို့မရဘူး။ (အမှု) တည်ဆောက်ပေးလို့ပဲရတယ်” ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေမျိုးက ပြောကြားသည်။ ဖမ်းဆီးထားသည့် လူငယ် ၁၃ ဦး၌ ဘုန်းကြီးကျောင်းအတွင်းဖြစ်ပွားသည့် တုတ်၊ ဓား၊ ကပ်ပါး (ပုဆိန်) များဖြင့် ရိုက်နှက်ခြင်းနှင့် လက်သီးဖြင့်ထိုးနှက်သည့်အမှုမှ ၁၂ ဦး ဖမ်းဆီးထားပြီး ယင်းအနက် အသက်မပြည့်သေးသည့် လူငယ်လေးဦးပါဝင်ကြောင်း၊ မီးသတ်တပ်ဖွဲ့အား ဓားဖြင့်ခုတ်မှုတွင် ခုနစ်ဦးပါဝင်ပြီး လေးဦးဖမ်းဆီးရမိကာ ကျန်သုံးဦးမှာ ထွက်ပြေးနေကြောင်း၊ ဖမ်းဆီးရမိသည့် လေးဦးအနက် ဘုန်းကြီးကျောင်းအတွင်း ဖြစ်ပွားသည့်အမှုတွင် ပါဝင်သူသုံးဦးပါဝင်ပြီး တစ်ဦးမှာ အသစ်ထပ်မံ ပါဝင်လာသူဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ အခင်းဖြစ်ပွားသည့်နေ့ ည ၉ နာရီခွဲခန့်တွင် ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်ရှိ ကြခတ်ပင်အရှေ့ ဘုန်းတော်ကြီးကျောင်းအတွင်း အလှူပွဲပြုလုပ်နေစဉ် လူငယ်တစ်စုမှ တုတ်၊ ဓားများ အသုံးပြုကာ ဇာတ်ပွဲကြည့်နေသူ လူငယ်တစ်စုကို ရိုက်နှက်ထိုးခုတ်ခဲ့သဖြင့် ဆန်းချီရပ်ကွက်နေသူများဖြစ်သည့် မင်းမင်းဆွေ (၂၄ နှစ်)၊ သန်းမြင့်ဝင်း (၁၅ နှစ်)၊ မြင့်ဇော်ဦး (၂၀ နှစ်) နှင့် အောင်ကြီး (၃၇ နှစ်) တို့တွင် ဦးခေါင်း၊ ပခုံး၊ နောက်ကျောနှင့် လက်များ၌ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) များရရှိကာ ထားဝယ်ပြည်သူ့ဆေးရုံသို့တင်ပို့ခဲ့ရကြောင်း၊ ထို့နောက် ည ၁၀ နာရီခွဲတွင် ထားဝယ်မြို့ ကမ်းနားလမ်းရှိ DDPC Shopping Center အနီး၌ကမ်းနား ဈေးဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာသော မီးသတ်တပ်ကြပ်ဖြစ်သူ သွင်ထူးအောင် (၂၄ နှစ်) ပါ သုံးဦးအား ဆိုင်ကယ်လေးစီးပါ လူငယ်တစ်စုက တုတ်၊ ဓားများဖြင့် ထိုးခုတ်သဖြင့် သွင်ထူးအောင် (၂၄ နှစ်) တွင် ဦးခေါင်းနှင့် လက်မောင်းတို့၌ ပြတ်ရှဒဏ်ရာများရရှိခဲ့ကာ ဆေးရုံသို့ တင်ပို့ခဲ့ရသည့်အပြင် ယင်းအချိန်၌ပင် ပိန္နဲတောရပ်ကွက် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရေးဝင်း အလုပ်သမားတန်းလျားတွင် နေထိုင်သူ မင်းကိုကိုဦး (၁၅ နှစ်)အား လူငယ်တစ်စုမှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး တုတ်၊ ဓားများဖြင့် ထိုးခုတ်မှုကြောင့် ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ လူနာတင်ယာဉ်၊ ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့မှ လူနာတင်ယာဉ်များဖြင့် ထားဝယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် တုတ်၊ ဓား၊ ရဲတင်း (ပုဆိန်) များဖြင့် ရိုက်နှက်ခဲ့သည့် လူငယ်တစ်စုအား အရေးယူပေးရန် မင်းမင်းဆွေမှ တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် ထားဝယ်မြို့မရဲစခန်း၌ (ပ) ၆၆၅/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၃၂၄/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ ကျူးလွန်သူလူငယ်များကို စုံစမ်းဖမ်းဆီးခဲ့သည်ဟု သိရသည်။ ထားဝယ်မြို့မရဲစခန်းမှ ရရှိထားသော မှုခင်းမှတ်တမ်းအရ အုပ်စုဖွဲ့ရိုက်နှက်ရာတွင် ပါဝင်ခဲ့သော တရားခံများဖြစ်သည့် ထားဝယ်မြို့ ဆန်းချီရပ်ကွက်နေ ထက်ထက်ဝင်းအောင် (၁၇ နှစ်) (ဘ) ဦးတင်စိုး၊ မြောင်းပုလဲရပ်ကွက်နေ ပိုင်ဖြိုးဇော် (၁၉ နှစ်) (ဘ) ဦးမင်းမင်းဇော်၊ ကရပ်ပြင်မြောက်ရပ်ကွက်နေ ပိုင်ငယ် (ခ) သားကြီး (ခ) သက်ပိုင်ဦး (၁၆ နှစ်) (ဘ) သန်းနိုင်၊ ဥဿရံရပ်ကွက်နေ ကျော်စိုးဝင်း (ခ) သားသား (၁၈ နှစ်) (ဘ) ဦးအောင်ဝင်း၊ ဥဿရံရပ်ကွက်နေ ဇော်မျိုးထွဋ် (ခ) သားသား (၁၈ နှစ်) (ဘ) ဦးနိုင်နိုင်၊ ဆင်ပုနစ် ရပ်ကွက်နေ ရှိုင်းမြင့်မော် (ခ) ရှိုင်း (၂၂ နှစ်) (ဘ) ဦးဆာမိ၊ အိမ်ရှေ့ပြင်ရပ်ကွက်နေ ရန်နိုင်အောင် (ခ) သားကြီး (၂၃ နှစ်) (ဘ) ဦးအောင်ဆန်း၊ ဥဿရံရပ်ကွက်နေ နေလင်းဦး (ခ) သားငယ် (၂၁ နှစ်) (ဘ) ဦးမောင်လားနှင့် ဘုမ္မော်ရပ်ကွက်နေ ရဲထွဋ်ခန့် (၁၉ နှစ်) (ဘ) ဦးတင်စိုး စသည့် ကိုးဦးအပါအဝင် လူငယ် ၁၃ ဦးအား ထားဝယ်မြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး စစ်ဆေးနေကြောင်း သိရသည်။

ထားဝယ်မြို့ပေါ်၌ ယင်းသို့အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် ဒေသခံများအကြား ထိတ်လန့်မှုဖြစ်ပေါ်ခဲ့ပြီး ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုမှုများ ရှိနေသည့်အပြင် လုံခြုံရေးအပေါ် မေးခွန်းထုတ်မှုများရှိခဲ့သည်။

Most Read

Most Recent