ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်တွင် ကျပ်လေးဘီလျံခန့် တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးဝါးများ နှစ်နှစ်အတွင်း အများဆုံးအဖြစ် ဖမ်းဆီးရမိခဲ့

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်တွင် ကျပ်လေးဘီလျံခန့် တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးဝါးများ နှစ်နှစ်အတွင်း အများဆုံးအဖြစ် ဖမ်းဆီးရမိခဲ့
Published 20 April 2018

Photo: ရှမ်ပြည်နယ်ရဲတပ်ဖွဲ့

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ နယ်၊ ဝမ်လုံးအုပ်စု၊ လွယ်စီတုံရွာအဝင်၊ ပြည်သူ့ စစ်စခန်းရှေ့တွင် စောင့်ဆိုင်းနေစဉ် မိုင်းဟဲဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် Vigo အမျိုးအစား အနက်ရောင် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေခဲ့ရာ ကျပ်သိန်းပေါင်း လေးသောင်းခန့် တန်ဖိုးရှိသော အိုက်စ် ၂၀၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း ဧပြီ ၁၉ ရက် ညနေပိုင်းအချိန်တွင် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ရှမ်းအရှေ့၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးအုပ်စု၊ လွယ်စီတုံရွာ အဝင်၊ ပြည်သူ့စစ် စခန်းရှေ့တွင် ဧပြီ ၁၉ ရက် နံနက် ၈ း၅၀ နာရီအချိန်တွင် မိုင်းဟဲဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် Toyota Hilux Vigo အမျိုးအစား အနက်ရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ရာ ကျပ်လေးဘီလျံခန့် တန်ဖိုးရှိသော အိုက်စ် ၂၀၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုသို့ ရှာဖွေရာတွင် အားဂျာမှာ မော်တော်ယာဉ် တံခါးဖွင့်၍ ထွက်ပြေးမည်ပြုသဖြင့် ဝိုင်းဝန်းထိန်းသိမ်းပြီး ဆက်လက်ရှာဖွေရာ အဖုံးပိတ်ပါ ယာဉ်နောက်ခန်းတွင်းမှ အဖြူရောင် ဆာလာအိတ်များဖြင့်ထည့်လျက် DAGUANYIN စာတမ်းပါ ရွှေဝါရောင် တရုတ် လက်ဖက်ခြောက် အိတ်တစ်အိတ်လျှင် မက်သာအဖက်တမင်း ဟိုက်ဒရိုကလိုရိုက် (အိုက်စ်) အဖြူရောင် ပုံဆောင်ခဲ အလေးချိန် တစ်ကီလိုခန့်စီပါ ၃၅ ထုပ်စီပါရှိသော ဆာလာအိတ် ငါးလုံး နှင့် ငါးထုပ်ပါ ဆာလာအိတ် တစ်လုံး၊ စုစုပေါင်း ၂၀၀ ထုပ်၊ စုစုပေါင်း အလေးချိန် ၂၀၀ ကီလိုခန့်၊ ကျပ် လေးဘီလျံခန့်အား လည်းကောင်း၊ မော်တော်ယာဉ် ရှေ့ခန်းထိုင်ခုံ နှစ်ခုကြားရှိ ဘောက်အတွင်းမှ အိမ်ထောင်စုစာရင်း မိတ္တူတစ်ရွက်၊ ယာဉ်မောင်းလိုင်စင် မူရင်းတစ်ခု၊ ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ်တစ်ခု၊ မော်တော်ယာဉ် မှတ်ပုံတင် စာအုပ်တစ်အုပ်၊ လက်ကိုင်ဖုန်း သုံးလုံးနှင့် ထိုင်းဘတ်ငွေရောရာ ဘတ် ၃၀၅၀၀ တို့အား စစ်ဆေး တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အားဂျာ (ကျား) ၃၅ နှစ်၊ တောင်ယာလုပ်၊ စန်းလုအထက်ကျေးရွာ၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာချီလိတ်မြို့နယ် နေသူအား တာချီလိတ် မြို့မရဲစခန်းက မယ(ပ)၃၁/၂၀၁၈ ၊ မူး/စိတ် ပုဒ်မ ၁၉(က) /၂၀ (က) အရ အရေးယူ ဆောင်ရွက်ထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် တော်ကော့ (တွင်း) ၌ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ် ၂၃ ရက်က မက်သာအဖက်တမင် ဟိုက်ဒရိုကလိုရိုက် (Methamphetamine Hydrochloride ICE) အိုက်စ် အဖြူရောင် ပုံဆောင်ခဲ ၁၄၃ ကီလိုအား အများဆုံးအဖြစ် ဖမ်းဆီးရမိခဲ့ပြီး ယခု ၂၀၁၈ ခုနှစ် ဧပြီ ၁၉ ရက်တွင် ယခင်နှစ်ကထက် ပိုမိုများပြားစွာ အိုက်စ် ၂၀၀ ကီလို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီးရမိသော အမှုသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း အများဆုံးသော အိုက်စ် မူးယစ်ဆေးဝါး ဖမ်းဆီးရမိသော အမှုတစ်မှုလည်း ဖြစ်ကြောင်း သိရသည်။

စည်သာ

Most Read

Most Recent