ပခုက္ကူမြို့ အမှတ် ၁၁ ရပ်ကွက်ရှိ စည်ပင်သာယာ အမှိုက်ပုံအနီးတွင် ၁၄ နှစ်အရွယ် အမျိုးသားက ၃၅ နှစ်အရွယ် အမျိုးသားအား ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား

ပခုက္ကူမြို့ အမှတ် ၁၁ ရပ်ကွက်ရှိ စည်ပင်သာယာ အမှိုက်ပုံအနီးတွင် ၁၄ နှစ်အရွယ် အမျိုးသားက ၃၅ နှစ်အရွယ် အမျိုးသားအား ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား
Published 20 April 2018

ပခုက္ကူမြို့ အမှတ် (၁၁) ရပ်ကွက်ရှိ စည်ပင်သာယာ အမှိုက်ပုံအနီးတွင် အသက် ၁၄ နှစ်အရွယ် အမျိုးသားက အသက် ၃၅ နှစ်အရွယ် အမျိုးသားအား ဓားဖြင့်ထိုးသတ်မှု ဧပြီ ၁၇ ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီ ၁၇ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အမှတ် ၁၁ ရပ်ကွက်ရှိ စည်ပင်သာယာ အမှိုက်ပုံအနီးရှိ တဲအတွင်းတွင် အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း၊ တိုင်တန်းချက်အရ မြို့မရဲစခန်း တာဝန်ရှိသူများနှင့် အသိသက်သေများ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ကိုသန်းစိုး (၃၅ နှစ်) ဆိုသူဖြစ်ပြီး ပက်လက်အနေအထားဖြင့် ဝမ်းဗိုက်ဝဲဘက်နှင့် ယာဘက်တို့တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်စီ၊ လည်ပင်းဝဲဘက်ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲဒူးပွန်းရှ ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

သေဆုံးသူအနီးအား စစ်ဆေးရာ Mi Note5 ခဲရောင်ဟန်းဆက်တစ်လုံး၊ အနက်ရောင် ဦးထုပ်အဝိုင်းတစ်လုံးနှင့် ကြက်ပေါင်ဖိနပ်တစ်ရန်အား သိမ်းဆည်းရမိသည့်အတွက် လက်ကိုင်ဖုန်းအား ဆက်လက်စစ်ဆေးရာ ဖုန်းပိုင်ရှင်မှာ မျိုးခန့် (ခ) ငမျိုးဆိုသူဖြစ်သည့်အတွက် ၎င်းအား ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ မျိုးခန့် (ခ) ငမျိုးကမိမိဖုန်းဖြစ်ကြောင်းနှင့် အဆိုပါဖုန်းအား ည ၈ နာရီခန့်တွင် ထွန်းထွန်းဦး (ခ) နီဂဒိုး (ခ) ဒိုးကြီးက ငှားရမ်းသွားကြောင်း ထွက်ဆိုသည့်အတွက် ထွန်းထွန်းဦး (ခ) နီဂဒိုး (ခ) ဒိုးကြီး (၁၄ နှစ်) အား ဆက်လက်စစ်ဆေးရာ ထွန်းထွန်းဦး (ခ) နီဂဒိုး (ခ) ဒိုးကြီး (၁၄ နှစ်) မှ ကိုသန်းစိုး (၃၅ နှစ်) အား ဓားဖြင့်ထိုးသတ်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဦး (ခ) နီဂဒိုး (ခ) ဒိုးကြီးက ည ၉ နာရီခန့်တွင် သန်းစိုးနှင့်အတူ အမှိုက်ကုန်းဘက်သို့ စကားပြောစရာရှိသည်ဟုဆိုကာ သွားခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် သြင်္ကန်ကာလတွင် သန်းစိုးက ၎င်းအားရိုက်နှက်ခဲ့သည့်ကိစ္စကို မကျေနပ်၍ အသင့်ပါလာသည့် ခလုတ်ဓားဖြင့် သန်းစိုးအား ထိုးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ပခုက္ကူမြို့မ ရဲစခန်းမှူးထံမှ သိရသည်။

“သေဆုံးသူကတော့ အမှတ် (၁၁) ရပ်ကွက် ၂၃ လမ်းက ကိုသန်းစိုးပါ။ ကျူးလွန်သူကတော့ တစ်ရပ်ကွက်တည်းနေ နီဂရိုး ခေါ် ဒိုးကြီး ခေါ် ထွန်းထွန်းဦး အသက် ၁၄ နှစ်အရွယ်ပါ။ အိမ်ချင်းကပ်လျက် မျက်စောင်းထိုးနေအိမ်တွေမှာ နေကြတဲ့ တစ်ရပ်ကွက်တည်းသားတွေပါ။ ဖြစ်စဉ်ကတော့ လူမှုရေးပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေနဲ့ ကျူးလွန်သွားခဲ့တာပါ။ ရရှိတဲ့ဒဏ်ရာတွေ အနေအထားကတော့ လက်နက်တစ်ခုတည်းနဲ့ ကျူးလွန်ခဲ့တယ်လို့ ဆရာဝန်ရဲ့ တွေ့ရှိချက်ရော ကျွန်တော်တို့ရဲ့ ယူဆချက်ရော စိစစ်တွေ့ရှိရပါတယ်။ အခင်းဖြစ်တဲ့နေရာမှာလည်း ဝရုန်းသုန်းကား လုံးထွေးသတ်ပုတ်ထားတာ သိပ်မတွေ့ရဘဲ တစ်ဦးနဲ့တစ်ဦး ကျူးလွန်တဲ့အနေအထားမျိုး တွေ့ရှိရပါတယ်။ အသက် အရွယ်မပြည့်တော့ ကျွန်တော်စခန်းမှူးရဲ့အောက်မှာပဲ ထိန်းသိမ်းထားပြီးတော့ ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆန်းဦးက ပြောသည်။

လူသတ်မှုကျူးလွန်ရာတွင် ထွန်းထွန်းဦး (ခ) နီဂဒိုး (ခ) ဒိုးကြီး ဝတ်ဆင်ထားသည့် သွေးစွန်းပေနေသည့် အဝတ်အစားများ သိမ်းဆည်းထားပြီး လူသတ်ရာတွင် အသုံးပြုသည့် ခလုတ်ဓားအား ၎င်းလွှင့်ပစ်သည့်နေရာတွင် ရှာဖွေနေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပက်သက်၍ ပခုက္ကူမြို့မရဲစခန်းတွင် ထွန်းထွန်းဦး (ခ) နီဂဒိုး (ခ) ဒိုးကြီး အား (ပ) ၉၇၂/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent