အမြန်လမ်းတွင် ၁၂ ဘီးယာဉ်အား ခရီးသည်တင် မှန်လုံယာဉ်က နောက်မှဝင်တိုက်မှု ဖြစ်ပွားပြီး သံဃာတစ်ပါး အပါအဝင် နှစ်ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ

အမြန်လမ်းတွင် ၁၂ ဘီးယာဉ်အား ခရီးသည်တင် မှန်လုံယာဉ်က နောက်မှဝင်တိုက်မှု ဖြစ်ပွားပြီး သံဃာတစ်ပါး အပါအဝင် နှစ်ဦးသေဆုံး ၁၁ ဦးဒဏ်ရာရ
Published 9 April 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၂၃ မိုင်အနီးတွင် ဧပြီ ၉ ရက် နံနက်ပိုင်းက ရှေ့မှသွားနေသော တရားမဝင်သစ်များ တင်ဆောင်ထားသည့် ၁၂ ဘီးယာဉ်အား၊ အောင်ရတနာ ခရီးသည်တင် မှန်လုံယာဉ်က နောက်မှဝင်တိုက်မိပြီး သံဃာတစ်ပါး အပါအဝင် ခရီးသည်နှစ်ဦး သေဆုံး၍ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်းမှ သိရသည်။

ယာဉ်တိုက်မှုဖြစ်၍ ထိခိုက်သေဆုံးမှု အခြေအနေနှင့် ပတ်သက်ပြီး ဘုရားနှစ်ဆူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးစိုးက “ည ၁ နာရီ ၃၀ မှာ ဖြစ်တယ်တဲ့ ကျွန်တော်တို့က သတင်းရရှိတာနဲ့ တန်းပြီးတော့ အမြန်ဆောင်ရွက်ရအောင် ပြေးလာတာပေါ့နော်၊ ဒီဟာက ဘုရားနှစ်ဆူ အုပ်ချုပ်ရေးမှူးရဲ့ အပိုင်ပေါ့၊ ဒီမှာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ပြောတာတော့ ဘုန်းကြီးတစ်ပါးသေတယ်။ လူတစ်ယောက် သေတယ်ပေါ့နော်၊ Express ကားကတော့ ၉၄၉၆ ပေါ့၊ အဲ့ဒါပဲသိတယ်” ဟု အခြေအနေအား ပြောကြားသည်။

ဖြစ်စဉ်မှာ ဧပြီ ၉ ရက် နံနက် ၁ နာရီခွဲခန့်က အုတ်တွင်းမြို့နယ် ဘုရားနှစ်ဆူကျေးရွာအုပ်စု၊ နတ်ရေတွင်း ကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဝေယံထက် ၂၇ နှစ်(ဘ)ဦးညွန့်ဝေ၊ တန့်ဆည်မြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 5L/---- အောင်ရတနာ EXPRESS ဖြူပြာကြားရောင် မော်တော်ယာဉ်မှာ အမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၁၂၃ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံ အကြားသို့အရောက် ယာဉ်ကြောတူအတိုင်း ရှေ့တွင် ယာဉ်မောင်း (အမည်၊ နေရပ်၊ လိပ်စာ) စုံစမ်းဆဲ မောင်းနှင်နေပြီး တရားမဝင်သစ် (ပိတောက်စကွဲယားတုံး) များ တင်ဆောင်လာသည့် ယာဉ်အမှတ် 7E/----FUSO အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်၏ နောက်ပိုင်းအား ဝင်ရောက်တိုက်မိ ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ လာရောက်စစ်ဆေးခဲ့ရာ တရားမဝင်သစ်များ တင်ဆောင်မောင်းနှင်သည့် ၁၂ ဘီးယာဉ်မောင်းမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း၊ နောက်မှဝင်တိုက်သော အောင်ရတနာခရီးသည်တင် မှန်လုံယာဉ်ပေါ်ပါ ခရီးသည် သံဃာ ၁ ပါး၊ ကျား ၁၆ ဦး၊မ ၁၁ ဦး၊ စုစုပေါင်း၂၈ ဦးအနက် သံဃာ ၁ ပါး၊ ကျား ၁ ဦးတို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျား ၇ ဦး၊ မ ၄ ဦး စုစုပေါင်း ၁၁ ဦးတို့မှာ အသီးသီး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိသွားခဲ့ကြောင်း၊ အခင်းဖြစ်နေရာသို့ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကို အပါအဝင် ဗောဓိကုန်း၊ ဇီးပင်သာအမြန်လမ်းမကြီး ရဲစခန်းမှူးနှင့်အဖွဲ့တို့မှ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး သေဆုံးသူ နှစ်ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများအား ဖြူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ တရားမဝင် ပိတောက်သစ် ခွဲသားများ တင်ဆောင်သည့်ယာဉ်အား သက်ဆိုင်ရာ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနသို့ ဆက်သွယ်၍ စစ်ဆေးဆောင်ရွက်စေခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

တရားမဝင်သစ် သယ်ဆောင်လာသည့် ယာဉ်နှင့်ပတ်သက်ပြီး အခင်းဖြစ်နေရာသို့ လာရောက်စစ်ဆေးသည့် တောအုပ်ကြီး ဦးစိုးတင့်က “သစ်ကတော့ ပိတောက်ပေါ့၊ ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ယာဉ်ကတော့ ရဲစခန်းကပဲ ဆောင်ရွက်မှာပေါ့၊ ဒီသစ်ကိုလည်း အရေးယူဖို့ ပိုင်ရှင်ဖော်ထုတ်ခိုင်းရမှာပေါ့၊ စခန်းကနေပြီးတော့ ဒီဟာကိုအမှုဖွင့် အမှုဖွင့်ပြီးတော့ ပိုင်ရှင်စုံစမ်းဖော်ထုတ်၊ ဒီကားကိုကတော့ ကညနကို စုံစမ်းရမှာပေါ့၊ Without လား လိုင်စင်နဲ့လားဆိုတာ အဲ့လိုပဲ စုံစမ်းပြီးတော့မှ ကျွန်တော်တို့က အမှုဖွင့်မှာပေါ့၊ ဒီသစ်တင်တဲ့ ယာဉ်မောင်းက မမိဘူး ထွက်ပြေးသွားတယ်” ဟု ပြောကြားသည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်များအား မဆင်မခြင်ပေါ့ဆစွာ မောင်းနှင်ကြသည့် အောင်ရတနာ EXPRESS ယာဉ်မောင်း ဝေယံထက်နှင့် သစ်တင်ယာဉ်မောင်း(စုံစမ်းဆဲ)တို့ နှစ်ဦးအား၊ ဗောဓိကုန်း အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၁၄/၂၀၁၈၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈/၂၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပြီး ထွက်ပြေးသွားသော သစ်တင်ယာဉ်မောင်းအား ဖမ်းဆီးရမိရေး၊ သစ်တန်များ ရေတွက်စစ်ဆေးခြင်းတို့အား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent