<

ပဲခူးမြို့ ဟံသာဝတီလေယာဉ်ကွင်းအတွင်း အမျိုးသမီးတစ်ဦးအားသတ်ပြီး မီးရှို့ခဲ့သူနှစ်ဦးအား နှစ်ရက်အတွင်း ဖမ်းဆီးရမိ

ပဲခူးမြို့ ရပ်ကွက်ကြီး (၈) ဟံသာဝတီလေယာဉ်ကွင်းအတွင်း ဧပြီ ၆ ရက်က အမျိုးသမီးတစ်ဦးအား သတ်ပြီးနောက် မျက်နှာပေါ် မီးတင်ရှို့ခဲ့သော မင်းကိုသက် (ခ) ပြောင်ကြီး အသက် (၂၅ နှစ်) (အဘ) ဦးထွန်းထွန်း သနပ်ပင်မြို့ ဘုရားကြီးရပ်ကွက်နေသူနှင့် ပြည့်စုံ (ခ) ဝေဖြိုးအသက် (၂၇ နှစ်) (အဘ) ဦးတင်စိန် ပဲခူးမြို့ မဇင်းရပ်ကွက်နေသူ တရားခံနှစ်ဦးအား နှစ်ရက်အကြာ ဧပြီ ၈ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိခဲ့သည်။

“ဒီအမှုက အန်ဆင်း (unseen) ပါ။ နှစ်ရက်အတွင်း ဖော်ထုတ်နိုင်ခဲ့ပါတယ် ကောင်မလေးက မစန်းစန်းမော် အသက် (၃၅ နှစ်) ပဲခူးကပါ။ ရှင်ဆောင်းအထည်ချုပ်စက်ရုံ ဆင်းတယ်ဆိုတာသိရပြီး တိုင်းတို့ခရိုင်တို့ ရဲဌာနတွေရဲ့ စီစဉ်ညွှန်ကြားမှုအတိုင်း ကျွန်တော်တို့ အမှတ် (၃) ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ နေ့မအားညမအားပါပဲ။ အမှုမှန်ပေါ်ပေါက်ရေး ကြိုးစားဆောင်ရွက်နေတာ အခုထိမအိပ်ရသေးပါဘူး။ တရားခံတွေက စက်ရုံဖယ်ရီကားမောင်းတယ်ဆိုတာ စုံစမ်းသိရှိရပြီး လိုက်ဖမ်းတော့ သူတို့က အရင်နေကျနေရာတွေမှာမရှိဘူး။ ရဲဝတ်နဲ့မြင်တာနဲ့ ထွက်ပြေးတာ။ သူတို့က ၇ နာရီခွဲမှာ ဖယ်ရီကားမောင်းစရာ ရှိတယ်ဆိုတာသိတော့ ရဲတပ်ဖွဲ့ဝင်တွေက ကယ်ရီသမားအသွင်ယူပြီး ဂိတ်ကစောင့်ဖမ်းခဲ့တာပါ။ အထောက်အထားတွေနဲ့စစ်တော့။ သတ်ပါတယ်ဆိုပြီး ၀န်ခံတယ်။ ကောင်မလေးဆီကယူသွားတဲ့ ရွှေငွေတွေရယ် ဆိုင်မှာပေါင်ထားတဲ့ ကောင်မလေးရဲ့ ရွှေထည်ပစ္စည်းတွေကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းနိုင်ခဲ့ပါတယ်။ လက်နက်ကတော့ စစ်ဆေးနေဆဲပါ။ သတ်ရတဲ့အကြောင်းကတော့ လူမှုရေးပြဿနာပါ” ဟု အမှတ် (၃) စခန်းမှူး ရဲအုပ်ဆန်းဝင်းသန်းမှ ပြောကြားသည်။

ဖြစ်စဉ်မှာ ဧပြီ ၆ ရက်နံနက် ၆ နာရီခန့်က ဥဿာမြို့သစ်ရပ်ကွက်ကြီး (၈) ၂၄ သီးသန့်ရပ်ကွက်တွင် နေထိုင်သော ၀ါးမရမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်ရွှေ (ခ) ဦးဝက်ကြီးထံသို့ ၀ါးမရမ်းရွာသား စောလွမ်းချိုဆိုသူက ၀ါးမရမ်းကျေးရွာအုပ်စု ဟံသာဝတီလေယာဉ်ကွင်း စီမံကိန်းနယ်မြေ လေယာဉ်ပြေးလမ်းဖောက်လုပ်ရန် သတ်မှတ်ထားသည့် မလေးရှားပိတောက်ပင်အနီး လေယာဉ်ပြေးလမ်းပေါ်တွင် အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့သည်။

ထို့နောက် ဦးချစ်ရွှေက ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်အတူ သွားရောက်ကြည့်ရှုပြီး အမှတ် (၃) ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်။ ပဲခူးမြို့ အမှတ်(၃) စခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်နိုင်မြင့်နှင့်အဖွဲ့ သွားရောက်စစ်ဆေးရာ အမည်မသိအမျိုးသမီးတွင် ၀ဲဘက်နို့အုံအောက် ထိုးသွင်းဒဏ်ရာလေးချက် ယာဘက်နို့အုံအောက် ထိုးသွင်းဒဏ်ရာနှစ်ချက် ကျောလယ်ထိုးသွင်းဒဏ်ရာတစ်ချက် ယာပေါင်ထိုးသွင်းဒဏ်ရာတစ်ချက် ၀ဲပေါင်ထိုးသွင်းဒဏ်ရာတစ်ချက် လည်ပင်း မီးပူလောင်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိချက်များအရ သိရသည်။

အဆိုပါလူသတ်မီးရှို့မှုနှင့် ပတ်သက်၍ အမှတ် (၃) ရဲစခန်းတွင် ဧပြီ ၆ ရက်က (ပ) ၃၆၀/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရအမှုဖွင့်ခဲ့ပြီး ဖမ်းဆီးရမိထားသော မင်းကိုသက်နှင့် ပြည့်စုံတို့နှစ်ဦးအား တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေကြောင်း အမှတ် (၃) ရဲစခန်းမှ သိရသည်။

April 9, 2018














Copy Protected by Chetan's WP-Copyprotect.