တောင်ဒဂုံမြို့နယ် ၂၆ ရပ်ကွက်တွင် အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးကိုသတ်ပြီး ရွှေနှင့်ငွေများ ယူဆောင်တိမ်းရှောင်သွားသည့် ကျူးလွန်သူအား ထားဝယ်မြို့တွင် ဖမ်းဆီးရမိ

တောင်ဒဂုံမြို့နယ် ၂၆ ရပ်ကွက်တွင် အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးကိုသတ်ပြီး ရွှေနှင့်ငွေများ ယူဆောင်တိမ်းရှောင်သွားသည့် ကျူးလွန်သူအား ထားဝယ်မြို့တွင် ဖမ်းဆီးရမိ
Published 9 April 2018

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အသက် (၅၄ နှစ်) အရွယ် အမျိုးသမီးအားသတ်ပြီး ရွှေထည်၊ ငွေများနှင့် ဖုန်းပါယူဆောင်ကာ တိမ်းရှောင်သွားသည့် ကျူးလွန်သူအား ထားဝယ်မြို့တွင် ဧပြီ ၈ ရက်က ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကျူးလွန်သူမှာ သီရိမောင်ဆိုသူ အမျိုးသားတစ်ဦးဖြစ်ပြီး သေဆုံးသူနှင့် Online တွင် သိကျွမ်းခဲ့ဖူးကြောင်းနှင့် အမျိုးသမီးအားသတ်ပြီးနောက် သေဆုံးသူ၏ နားကပ်တစ်ဖက်၊ ရွှေလက်စွပ်တစ်ကွင်း၊ ကျောက်ဖြူလက်စွပ်တစ်ကွင်း၊ Huawei လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ် ၃၈ သိန်းတို့ကို ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။

တောင်ဒဂုံမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက “ကျူးလွန်သူကို ဖမ်းဆီးရမိပြီဆိုတာ ဟုတ်ပါတယ်။ ထားဝယ်မှာ သွားဖမ်းရတာပါ။ သွားဖမ်းတာဖြစ်လို့ ကျူးလွန်သူ ဒီကိုတော့ရောက်မလာသေးပါဘူး” ဟု ဧပြီ ၈ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ပြောကြားသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေ ဦးဝင်းမြင့်သည် ၎င်း၏သားဖြစ်သူနှင့်အတူ နေပြည်တော်မှ နေအိမ်သို့ ဧပြီ ၃ ရက်နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က ပြန်လည်ရောက်ရှိစဉ် နေအိမ်အတွင်းခန်း၌ ဇနီးဖြစ်သူ ဒေါ်နှင်းကြည်မှာ ပါးစပ်ကို ပုဆိုးစနှင့်ပိတ်၍ လည်ပင်းနှင့်တွဲလျက် ရစ်ပတ်ချည်နှောင်ထားကာ ပက်လက်အနေအထားဖြင့် ဓားဒဏ်ရာများ ရရှိသေဆုံးနေကြောင်းကိုသိရှိခဲ့၍ တောင်ဒဂုံမြို့မရဲစခန်းသို့ တိုင်းကြားခဲ့သည်။

ထို့နောက် အမှုဖြစ်ပွားသည့်နေရာသို့ အထူးအမှုစစ်အဖွဲ့မှ လာရောက်ကာ ဖြစ်ရပ်အား အသေးစိတ်စစ်ဆေးခဲ့ပြီး သဲလွန်စအထောက်အထားအဖြစ် အခင်းဖြစ်နေရာရှိ ရေချိုးခန်းအုတ်ကန်အတွင်းမှ စတီးဓားမတစ်ချောင်း၊ နေအိမ်ဝင်း သံပန်းတံခါးပိတ်သည့် သော့တစ်ချောင်းအပါအဝင် သက်သေခံအထောက်အထားများကို သိမ်းဆည်းရရှိခဲ့ပြီး ဦးဝင်းမြင့်၏ သားဖြစ်သူပြောပြချက်အရ သေဆုံးသူ ဒေါ်နှင်းကြည်၏ နားကပ်တစ်ဖက်၊ ရွှေလက်စွပ်တစ်ကွင်း၊ ကျောက်ဖြူလက်စွပ်တစ်ကွင်း၊ Huawei လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ် ၃၈ သိန်းတို့ ပျောက်ဆုံးနေကြောင်းကိုပါ သိရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ဆက်လက်၍ အထူးအမှုစစ်အဖွဲ့က သေဆုံးသူ၏ နောက်ကြောင်းစုံစမ်းချက်များအရ သေဆုံးသူ ဒေါ်နှင်းကြည်မှာ Online မှတစ်ဆင့် မြေနီကုန်းတွင် တွန်းလှည်းဖြင့် သစ်သီးရောင်းသူ သီရိမောင်ဆိုသူနှင့် ခင်မင်ရင်းနှီးခဲ့ဟု စုံစမ်းသိရှိခဲ့ကြောင်း သိရသည်။

ကျူးလွန်သူ သီရိမောင်ဆိုသူသည် ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာတွင် ကွမ်းခြံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဖူးကြောင်း၊ ၎င်း၏ဇာတိမှာ မအူပင်မြို့နယ်၊ ဝဲဒေါင့်ကျေးရွာဖြစ်ကြောင်း၊ ရန်ကုန်မြို့ မြေနီကုန်းဝန်းကျင်၌ သစ်သီးရောင်းချသည့် အလုပ်ကို လုပ်ကိုင်ကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ကတ္တာရာခီးကျေးရွာရှိ ရော်ဘာခြံတွင်လည်း လုပ်ကိုင်ဖူးကြောင်း၊ စုံစမ်းမှုများအရ ကျူးလွန်သူသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့သို့ ရောက်ရှိနေကြောင်း သိရသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် သီရိမောင်အား ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ကတ္တာရာခီးကျေးရွာရှိ ရာဘာခြံ၌ ဧပြီ ၈ ရက် နံနက် ၁ နာရီတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ ပါဆုံးပစ္စည်းများဖြစ်သည့် ကျပ် ၁၃၈၈၀၀၀၊ သေဆုံးသူ ဒေါ်နှင်းကြည် ဝတ်ဆင်သည့် နားကပ်တစ်ဖက်၊ ရွှေလက်စွပ်တစ်ကွင်း၊ ကျောက်ဖြူလက်စွပ်တစ်ကွင်း၊ Huawei လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျူးလွန်သူ သီရိမောင်အား တောင်ဒဂုံမြို့မရဲစခန်းတွင် (ပ) ၆၉၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်းသိရပြီး ကျန်ရှိသည့် သက်သေခံငွေများရရှိရေး ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent