သန်လျင်မြို့နယ်၌ လင်မယားနှစ်ဦး စနောက်ရာမှ ခင်ပွန်းအား ဇနီးက ကတ်ကြေးဖြင့် ထိုးသတ်မှုဖြစ်ပွား

သန်လျင်မြို့နယ်၌ လင်မယားနှစ်ဦး စနောက်ရာမှ ခင်ပွန်းအား ဇနီးက ကတ်ကြေးဖြင့် ထိုးသတ်မှုဖြစ်ပွား
Published 31 March 2018

သန်လျင်မြို့နယ်၌ လင်မယားနှစ်ဦး စနောက်ရာမှတစ်ဆင့် ခင်ပွန်းအား ဇနီးက ကတ်ကြေးဖြင့် ထိုးသတ်မှု မတ် ၂၉ ရက်က ဖြစ်ပွားခဲ့ကြောင်း တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

မတ် ၂၉ ရက် မွန်းလွဲ ၁၂ နာရီခန့်တွင် သန်လျင်မြို့နယ်ဆေးရုံသို့ လူတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် ရောက်ရှိလာကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ ရဲတာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ထိုးသွင်းဒဏ်ရာရသူမှာ ကွမ်းခြံကုန်းကျေးရွာနေ ကို....(၂၁ နှစ်) ဖြစ်ကြောင်း သိရသည်။

၎င်းမှာ ထိုးသွင်းဒဏ်ရာများဖြင့် ဆေးရုံသို့ရောက်စဉ် သေဆုံးသွားသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့က အခင်းဖြစ်စဉ်အား စစ်ဆေးခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာရဲတပ်ဖွဲ့က စစ်ဆေးရာ ကို....(၂၁ နှစ်) မှာ နေအိမ်၌ ဇနီးဖြစ်သူ မ....နှင့် စနောက်ရာမှ စကားများခဲ့ကြောင်း၊ ယင်းသို့ စကားများ ရန်ဖြစ်ရာမှ ကို.... (၂၁ နှစ်) အား ဇနီးဖြစ်သူ မ....က ကတ်ကြေးဖြင့် ထိုးခဲ့ကြောင်း သိရသည်။ ကတ်ကြေးဖြင့် အထိုးခံရသဖြင့် ကို....(၂၁ နှစ်) မှာ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ ရရှိကာ ဆေးရုံ၌ သေဆုံးသွားကြောင်း သိရသည်။

“ခင်ပွန်းနဲ့ ဇနီးတို့ နေအိမ်မှာ စနောက်တာကနေ စကားများရန်ဖြစ်ပြီး ဇနီးက ခင်ပွန်းကို ကတ်ကြေးနဲ့ ထိုးလိုက်တာလို့ ကနဦး စစ်ဆေးချက်အရ သိရတယ်” ဟု တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှ မ.... အား သန်လျင်မြို့မ ရဲစခန်းက (ပ) ၉၁၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent