မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်တွင် ခေတ္တလာရောက်နေထိုင်သော ဉာဏ်ရည်မမီ ကလေးငယ်တစ်ဦး သားမယားပြုကျင့်ခံရသဖြင့် အမှုဖွင့်

မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်တွင် ခေတ္တလာရောက်နေထိုင်သော ဉာဏ်ရည်မမီ ကလေးငယ်တစ်ဦး သားမယားပြုကျင့်ခံရသဖြင့် အမှုဖွင့်
Published 21 March 2018

မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက်နေ အဒေါ်ဖြစ်သူထံ ခေတ္တလာရောက်နေထိုင်သော ဉာဏ်ရည်မမီကလေးငယ် သားမယားပြုကျင့်ခံရသဖြင့် အမှုဖွင့်တိုင်ကြားမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၁၉ ရက် မွန်းလွဲပိုင်းက မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက် နယ်မြေ (၅) နေ ဒေါ်....သည် ရပ်ကွက်အတွင်းရှိ ယိုထုတ်သည့်လုပ်ငန်းတွင် လုပ်ကိုင်နေစဉ် အိမ်နီးချင်းဖြစ်သူ မ....ရောက်ရှိလာပြီး ခေါ်ဆောင်သွားသဖြင့် လိုက်ပါသွားခဲ့ရာ အိမ်နီးချင်းနေအိမ်တွင် လွန်ခဲ့သောငါးလခန့်ကမှစ၍ လာရောက်နေထိုင်သော အတူနေတူမ မ....(၁၂ နှစ်၊ မွေးရာပါဉာဏ်ရည်မမီ) အားတွေ့ရှိသဖြင့် မ....အား အကျိုးအကြောင်းမေးမြန်းရာ ရပ်ကွက်အတွင်းရှိ အကင်ဆိုင်တွင် တစ်ဦးတည်းထိုင်နေစဉ် အမည်၊ နေရပ်လိပ်စာမသိ အမျိုးသားတစ်ဦးရောက်ရှိလာပြီး နေရာမမှတ်မိသော နေအိမ်တစ်လုံးအတွင်း ခေါ်ဆောင်ကာ သားမယားပြုကျင့်သဖြင့် နာကျင်နေကြောင်း ပြောကြားသဖြင့် တူမဖြစ်သူအား သားမယားအဖြစ်ပြုကျင့်ခဲ့သူ အမည်မသိအမျိုးသားအား အရေးယူပေးပါရန် မြို့မရဲစခန်းတွင် အဒေါ်ဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်။

“ကျူးလွန်ခံရတဲ့ ကလေးက ဉာဏ်ရည်မမီဘူးဗျာ။ ဒေသခံလည်းမဟုတ်ဘူး။ ရန်ကုန်ကနေ အဒေါ်ဆီလာနေတာ ခြောက်လလောက်ရှိပြီ။ ရပ်ကွက်ထဲလျှောက်သွားနေတာ မသင့်တော်ဘူးဆိုပြီး ဒီလကုန် ရန်ကုန်ပြန်ပို့မလို့ စီစဉ်နေတုန်းဖြစ်သွားတာ။ ဖြစ်စဉ်ကိုမေးတော့ အိမ်တစ်အိမ်ထဲ အရက်မူးနေတယ်ဆိုတာပဲ ပြောနေတယ်။ ကျွန်တော်တို့လည်း မုန့်ဝယ်ကျွေး၊ မုန့်ဖိုးပေး အမျိုးမျိုးချော့မေးတာပဲ။ ဒါပေမဲ့ သေသေချာချာမပြောနိုင်ဘူး ဖြစ်နေတယ်။ ဖြစ်စဉ်ကတော့ မှန်ကန်တယ်။ ကျူးလွန်တဲ့လူနဲ့နေရာကို ကွက်ကွက်ကွင်းကွင်း မပြောနိုင်တော့ ခက်နေတယ်။ အခုလက်ရှိ ကလေးရဲ့ကျန်းမာရေးအခြေအနေကတော့ မနေ့ည ၁၀ နာရီအထိ ခရိုင်ဆေးရုံကြီးမှာ စစ်ဆေးမှုတွေ လုပ်နေတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး” ဟု မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ကြီးက ပြောကြားသည်။

Most Read

Most Recent