နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို ပြင်ဦးလွင်ခရိုင်တရားရုံးတွင် ငါးကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေငါးဦးအား ဆက်လက်စစ်ဆေး

နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို ပြင်ဦးလွင်ခရိုင်တရားရုံးတွင် ငါးကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေငါးဦးအား ဆက်လက်စစ်ဆေး
Published 21 March 2018

မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို မတ် ၂၀ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ရုံးထုတ်စဉ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် အသက်နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို မတ် ၂၀ ရက် နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၀၂ တို့ဖြင့် တရားစွဲဆိုထားမှုအပေါ် တရားလိုပြသက်သေငါးဦးကို ဆက်လက်စစ်ဆေးခဲ့ကာ အမှုကို မတ် ၂၁ ရက် (ယနေ့) တွင် တရားလိုပြသက်သေများအား ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသက်နှစ်နှစ်နှင့် ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သည့် အမှုနှင့်ပတ်သက်၍ ပြင်ဦးလွင်ခရိုင်တရားရုံးက စတင်တရားစွဲဆိုခဲ့သည့် မတ် ၁၂ ရက်မှစတင်ကာ အမှုရုံးချိန်းကို ရက်သတ္တပတ်တစ်ပတ်အတွင်း၌ပင် ရုံးချိန်းသုံးချိန်း ချိန်းဆိုခဲ့ခြင်းဖြစ်သည်။ မတ် ၁၆ ရက်က အမှုနှင့်ပတ်သက်၍ တရားလိုအပါအဝင် တရားလိုပြသက်သေငါးဦးတို့ကို စတင်စစ်ဆေးခဲ့ပြီး အမှုကို မတ် ၁၉ ရက်မှ ၂၂ ရက်အထိ ရုံးချိန်းများကို ဆက်တိုက်ချိန်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

အသက်နှစ်နှစ်နှင့် ငါးလကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က မတ္တရာမြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့ပြီးနောက် မတ် ၁၂ ရက်တွင် ပြင်ဦးလွင်ခရိုင် တရားရုံးသို့ ပြောင်းရွှေ့ကာ ရာကြီးမှုအမှတ် ၃၉/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မမုဒိမ်းမှု ၃၇၆၊ လူသတ်မှု ၃၀၂ တို့ဖြင့် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ တရားစွဲဆိုခဲ့ပြီးနောက် အမှုအား ရက်ပိုင်းအတွင်းပင် ပြင်ဦးလွင်ခရိုင်တရားရုံးက ပြန်လည်ချိန်းဆိုခဲ့ပြီး မတ် ၁၅ ရက် ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ ရှေ့နေပါဝါတင်ပြခဲ့ကာ အမှုကို မတ် ၁၆ ရက်တွင် စတင်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

“ဒီနေ့ (မတ် ၂၀ ရက်) ရုံးချိန်းမှာက တရားလိုပြသက်သေငါးဦးကို ထပ်စစ်ဆေးပါတယ်။ မနက်ဖြန်လည်း ထပ်ပြီးစစ်ဆေးသွားမယ်လို့ သိရတယ်။ အမှုရုံးချိန်းတွေက မတ် ၁၉ ရက်ကနေ မတ် ၂၂ ရက်အထိ ဆက်တိုက်ချိန်းဆိုထားတာ။ ရုံးချိန်းတိုင်းမှာ ကျွန်တော်တို့ကတော့ အမှုစစ်ဆေးတာကို အမြဲလာရောက်စောင့်ကြည့်နေပါတယ်” ဟု အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် မိန်းကလေးငယ်၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

မတ် ၂၀ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ချိန်းဆိုခဲ့သည့် အမှုရုံးချိန်းတွင် တရားလိုပြသက်သေငါးဦးကို မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများက စစ်ဆေးခဲ့ကြကြောင်း အမှုအား သွားရောက်နားထောင်ခဲ့ကြသူများထံမှ သိရသည်။ အဆိုပါ အမှုရုံးချိန်းသို့ ကလေးငယ်၏မိသားစုဝင်များ၊ အမှုကို စိတ်ပါဝင်စားသူများ လာရောက်စောင့်ကြည့် နားထောင်ခဲ့ကြသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က မတ္တရာမြို့နယ် ဥဒိန်ကျေးရွာအုပ်စု မြွေကူးတိုးဆိပ်ကျေးရွာနေ အသက်နှစ်နှစ်ကျော်အရွယ် မိန်းကလေးငယ်အား ဝန်စုကျေးရွာနေ ဖြိုးထက်အောင် (၂၅ နှစ်)က ကလေးငယ်အားပွေ့ချီ၍ ကျေးရွာအနီးရှိ ငှက်ပျောတောထဲတွင် အဓမ္မပြုကျင့်၍ သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ကလေးငယ်ကို အဓမ္မပြုကျင့်ရာတွင် ကလေးငယ်၏ပါးစပ်အတွင်းသို့ ငှက်ပျောသီးများအပြည့်ထည့်၍ ကလေးငယ်မအော်ဟစ်နိုင်ရန်အတွက် ပြုလုပ်ခဲ့ပြီး ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အခင်းဖြစ်စဉ်မှတ်တမ်းများအရ သိရသည်။

ထိုသို့ ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို ရေနံ့သာ နယ်မြေရဲစခန်းက (ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Most Read

Most Recent