ထားဝယ်မြို့တွင် ခွေးဟောင်သည့်ကိစ္စနှင့် ပတ်သက်ပြီး တူဖြစ်သူက လက်သီးဖြင့် ထိုးသောကြောင့် ဦးလေးတော်စပ်သူ သေဆုံးမှုဖြစ်ပွား

ထားဝယ်မြို့တွင် ခွေးဟောင်သည့်ကိစ္စနှင့် ပတ်သက်ပြီး တူဖြစ်သူက လက်သီးဖြင့် ထိုးသောကြောင့် ဦးလေးတော်စပ်သူ သေဆုံးမှုဖြစ်ပွား
Published 20 March 2018

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ မြောင်းပုလဲရပ်ကွက်တွင် မတ် ၁၈ ရက် ညက ခွေးဟောင်သည့် ကိစ္စနှင့် ပတ်သက်ပြီး တူဖြစ်သူက လက်သီးဖြင့် ထိုးသောကြောင့် ဦးလေးတော်စပ်သူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၁၈ ရက် ည ၉ နာရီခန့် က တရားလိုဖြစ်သူမှာ နေအိမ်သို့ ပြန်လာစဉ် နေအိမ်၌ လူများရောက်ရှိနေပြီး ဖခင်ဖြစ်သူ ဦးစိုးဝင်း (၇၀ နှစ်) မှာ အိမ်ရှေ့ ကုလားထိုင်ပေါ်တွင် သတိလစ်နေသည်ကို တွေ့ရသဖြင့် ထားဝယ်ပြည်သူ့ဆေးရုံသို့တင်ပို့ခဲ့ရာ ဆေးရုံရောက်ရှိချိန်တွင် ဖခင်ဖြစ်သူမှာ သေဆုံးနေပြီ ဖြစ်ကြောင်း ဆရာဝန်က အတည်ပြုခဲ့ကြောင်း၊ ယင်းနေ့ည ၈ နာရီခွဲတွင် ဖခင်ဖြစ်သူမှာ နေအိမ်ရှေ့ ကုလားထိုင်တွင် ထိုင်နေပြီး တရားလို၏ သားသမီးဖြစ်သူတို့နှင့် အတူရှိနေစဉ် တရားလို၏ တစ်ဝမ်းကွဲ မောင်တော်စပ်သူ မောင်မျိုး (ခ) မျိုးအောင် (၃၂) နှစ်ရောက်ရှိလာပြီး နေအိမ်ရှိ ခွေးဟောင်သည်ကို မကျေနပ်၍ ဖခင်ဖြစ်သူနှင့် စကားများရာမှ လက်သီးဖြင့် ရှစ်ချက်ခန့် ထိုးကြိတ်ခဲ့ကြောင်း တရားလို၏ သားသမီးများ၏ ပြောပြချက်အရ သိရသည်ဟု မှုခင်းမှတ်တမ်းများအရ သိရသည်။

“ညက ၉ နာရီလောက်မှာဖြစ်တာ။ ဖြစ်တာက သေသွားတဲ့အဘိုးကြီးက အသက် ၇၀။ အိမ်မှာထိုင်နေတဲ့ အချိန်မှာ ခွေးဟောင်တယ်။ ခွေးဟောင်တာကို အဘိုးကြီးက ဟန့်တာ။ ခွေးကိုဟန့်တော့ သူ့တူက သူ့ကိုပြောတယ်မှတ်လို့ စကားများကြတယ်။ အဘိုးကြီးကထိုင်နေတုန်း အိမ်ပေါ်တက်လာပြီး ထိုးလိုက်တယ်။ ထိုးလိုက်တော့ သတိလစ်သွားပြီး ဆေးရုံပို့တဲ့အချိန် လမ်းမှာသေသွားတယ်။ အဘိုးကြီးကို လက်သီးနဲ့ထိုးတဲ့ သူ့တူကို ညတွင်းချင်း ဖမ်းမိတယ်။ အခု ထားဝယ်စခန်းမှာ ချုပ်ထားတယ်” ဟု ထားဝယ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဉ်မှာ ဦးလေးတော်စပ်သူအား လက်သီးဖြင့် ထိုးခဲ့သော တူဖြစ်သူ မောင်မျိုး(ခ)မျိုးအောင်ကို ထားဝယ်မြို့မရဲ စခန်းတွင် ဖမ်းဆီးစစ်ဆေးနေပြီး (ပ) ၅၆၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

Most Read

Most Recent