နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို ပြင်ဦးလွင်ခရိုင် တရားရုံးတွင် သုံးကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ကလေးငယ်၏ မိဘနှစ်ဦး အပါအဝင် တရားလိုပြသက်သေ ငါးဦးအား စတင်စစ်ဆေး

နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို ပြင်ဦးလွင်ခရိုင် တရားရုံးတွင် သုံးကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ကလေးငယ်၏ မိဘနှစ်ဦး အပါအဝင် တရားလိုပြသက်သေ ငါးဦးအား စတင်စစ်ဆေး
Published 17 March 2018

မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို မတ် ၁၆ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံး၌ ရုံးထုတ်စဉ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် အသက်နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို မတ် ၁၆ ရက် နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၀၂ တို့ဖြင့် တရားစွဲဆိုထားမှုကို စတင်စစ်ဆေးခဲ့ပြီး တရားလို၊ ကလေးငယ်၏ မိဘနှစ်ဦးအပါအဝင် တရားလိုပြသက်သေ ငါးဦးကို စတင်စစ်ဆေးခဲ့ပြီး နောက်ထပ်ရုံးချိန်းကို မတ် ၁၉၊ ၂၀၊ ၂၁၊ ၂၂ ရက်များသို့ ဆက်လက်ချိန်းဆိုခဲ့ကြောင်း သိရသည်။

အသက်နှစ်နှစ်နှင့်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အမှုနှင့်ပတ်သက်၍ ပြင်ဦးလွင်ခရိုင် တရားရုံးက စတင်တရားစွဲဆိုခဲ့သည့် မတ် ၁၂ ရက်မှ စတင်ကာ အမှုရုံးချိန်းကို ရက်သတ္တပတ် တစ်ပတ်အတွင်း၌ပင် ရုံးချိန်းသုံးချိန်း ချိန်းဆိုခဲ့ခြင်းဖြစ်သည်။ မတ် ၁၆ ရက်က အမှုနှင့်ပတ်သက်၍ တရားလို အပါအဝင် တရားလိုပြသက်သေ ငါးဦးတို့ကို စတင်စစ်ဆေးခဲ့ပြီး အမှုကို လာမည့်ရက်သတ္တပတ်အတွင်း ရုံးချိန်းများအား ပြင်ဦးလွင်ခရိုင်တရားရုံးက ဆက်တိုက် ဆက်လက်ချိန်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အသက် နှစ်နှစ်နှင့် ငါးလကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က မတ္တရာမြို့နယ် တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့ပြီးနောက် မတ် ၁၂ ရက်တွင် ပြင်ဦးလွင်ခရိုင် တရားရုံးသို့ ပြောင်းရွှေ့ကာ ရာကြီးမှု အမှတ် ၃၉/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ မုဒိမ်းမှု ၃၇၆၊ လူသတ်မှု ၃၀၂ တို့ဖြင့် စတင်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ တရားစွဲဆိုခဲ့ပြီးနောက် အမှုအား ရက်ပိုင်းအတွင်းပင် ပြင်ဦးလွင်ခရိုင်တရားရုံးက ပြန်လည်ချိန်းဆိုခဲ့ပြီး မတ် ၁၅ ရက် ရုံးချိန်းတွင် အမှုနှင့် ပတ်သက်၍ ရှေ့နေပါဝါ တင်ပြခဲ့ကာ အမှုကိုမတ် ၁၆ ရက်တွင် စတင်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

“ဒီနေ့ရုံးချိန်းမှာ ဦးဆောင်တိုင်ကြားခဲ့တဲ့ တရားလိုကိုမင်းလွင်စိုးနဲ့ ကလေးရဲ့ မိဘနှစ်ပါး အပါအဝင် တရားလိုပြသက်သေ ငါးဦးကို စစ်ဆေးတယ်။ နောက်ထပ်ရုံးချိန်းကိုတော့ မတ် ၁၉၊ ၂၀၊ ၂၁၊ ၂၂ ရက်ဆိုပြီး ရုံးချိန်းကို ဆက်တိုက်ချိန်းဆို လိုက်ပါတယ်။ မတ် ၁၉ ရက် ရုံးချိန်းမှာတော့ ပြင်ဦးလွင်မြို့မှာရှိတဲ့ ဒေသခံတွေက သက်ငယ်မုဒိမ်းမှု၊ လူသတ်မုဒိမ်းတွေကို သေဒဏ်အပြစ်ပေးဖို့အတွက် တောင်းဆိုဆန္ဒပြသွားမယ်လို့ သိရတယ်” ဟု အဓမ္မပြုကျင့် သတ်ဖြတ်ခံရသူ မိန်းကလေးငယ်၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က မတ္တရာမြို့နယ် ဥဒိန်ကျေးရွာအုပ်စု မြွေကူးတိုးဆိပ် ကျေးရွာနေ အသက်နှစ်နှစ်ကျော်အရွယ် မိန်းကလေးငယ်အား ဝန်စုကျေးရွာနေ အသက် ၂၅ နှစ်အရွယ် ဖြိုးထက်အောင်က ကလေးငယ်အားပွေ့ချီ၍ ကျေးရွာအနီးရှိ ငှက်ပျောတောထဲတွင် အဓမ္မပြုကျင့်၍ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ကလေးငယ်ကို အဓမ္မပြုကျင့်ရာတွင် ကလေးငယ်၏ ပါးစပ်အတွင်းသို့ ငှက်ပျောသီးများ အပြည့်ထည့်၍ ကလေးငယ် မအော်ဟစ်နိုင်ရန်အတွက် ပြုလုပ်ခဲ့ပြီး ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အခင်းဖြစ်စဉ် မှတ်တမ်းများအရ သိရသည်။

ထိုသို့ ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို ရေနံ့သာ နယ်မြေရဲစခန်းက (ပ)၂၆/၂၀၁၈၊ ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၇၆/၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent