နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်သတ်ဖြတ်သူကို ပြင်ဦးလွင်ခရိုင်တရားရုံးတွင် ပုဒ်မနှစ်ခုဖြင့်တရားစွဲဆိုထားမှု ယနေ့ စတင်စစ်ဆေးမည်

နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်သတ်ဖြတ်သူကို ပြင်ဦးလွင်ခရိုင်တရားရုံးတွင် ပုဒ်မနှစ်ခုဖြင့်တရားစွဲဆိုထားမှု ယနေ့ စတင်စစ်ဆေးမည်
Published 15 March 2018

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို မတ် ၁၅ ရက် (ယနေ့) တွင် ပြင်ဦးလွင်ခရိုင်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆၊ ၃၀၂ တို့ဖြင့် တရားစွဲဆိုထားမှုကို စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်တရားရုံးမှ စုံစမ်းသိရသည်။

ဖြိုးထက်အောင်ကို ဖေဖော်ဝါရီ ၂၇ ရက်က မတ္တရာမြို့နယ်တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့ပြီးနောက် မတ် ၁၂ ရက်တွင် ပြင်ဦးလွင်ခရိုင်တရားရုံးသို့ ပြောင်းရွှေ့ကာစတင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ တရားစွဲဆိုခဲ့ပြီးနောက် အမှုအား ရက်ပိုင်းအတွင်းပင် ပြင်ဦးလွင်ခရိုင်တရားရုံးက ပြန်လည်ချိန်းဆိုခဲ့ပြီး ယနေ့မတ် ၁၅ ရက်တွင် အမှုအား စတင်စစ်ဆေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်တရားရုံးမှ စုံစမ်းသိရသည်။

“တရားခံကိုစွဲဆိုထားတဲ့ ပုဒ်မတွေက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆၊ ၃၀၂ တို့နဲ့ တရားစွဲဆိုထားပါတယ်။ သူ့ကိုစွဲဆိုထားတဲ့ပုဒ်မတွေက သေဒဏ်ထိုက်စေတဲ့ ဥပဒေပုဒ်မတွေနဲ့ စွဲဆိုထားတာပါ။ တရားခံဘက်က ရှေ့နေမငှားရမ်းနိုင်တဲ့အတွက် တရားရုံးကနေပဲ နိုင်ငံတော်စရိတ်နဲ့ ရှေ့နေငှားရမ်းပေးနိုင်ဖို့ အတွက် ရှေ့နေချုပ်ရုံးကို တင်ပြထားပါတယ်။ အမှုအတွက် တရားလိုပြသက်သေ တင်ပြထားတာက စုစုပေါင်း ၂၄ ဦးပါ။ မတ် ၁၅ ရက်ရုံးချိန်းမှာ ရှေ့နေပါဝါတင်ပြပြီးရင် အမှုကို စတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။ အမှုကိုလည်း ဥပဒေနဲ့အညီ မှန်မှန်နဲ့အမြန်ဆုံး စီရင်ဆောင်ရွက်သွားမှာပါ” ဟု ပြင်ဦးလွင်ခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး (၁) ဒေါ်ဌေးဌေးမော်က မတ် ၁၂ ရက်ရုံးချိန်းက ပြောကြားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က မတ္တရာမြို့နယ် ဥဒိန်ကျေးရွာအုပ်စု မြွေကူးတိုးဆိပ်ကျေးရွာနေ နှစ်နှစ်ကျော်အရွယ် မိန်းကလေးငယ်အား ဝန်စုကျေးရွာနေ ဖြိုးထက်အောင် (၂၅ နှစ်) က ကလေးငယ်အားပွေ့ချီ၍ ကျေးရွာအနီးရှိ ငှက်ပျောတောထဲတွင် အဓမ္မပြုကျင့်၍ သတ်ဖြတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent