သာစည်မြို့နယ်တွင် လင်မယားချင်း ရန်ဖြစ်ရာမှ ခင်ပွန်းက ဇနီးဖြစ်သူအား သံတုတ်ဖြင့် ရိုက်သတ်ပြီး ဖျန်ဖြေသူကို ထပ်မံရိုက်သတ်၍ နှစ်ဦးစလုံး သေဆုံး

သာစည်မြို့နယ်တွင် လင်မယားချင်း ရန်ဖြစ်ရာမှ ခင်ပွန်းက ဇနီးဖြစ်သူအား သံတုတ်ဖြင့် ရိုက်သတ်ပြီး ဖျန်ဖြေသူကို ထပ်မံရိုက်သတ်၍ နှစ်ဦးစလုံး သေဆုံး
Published 10 March 2018

သာစည်မြို့နယ် ယင်းမာပင်ကျေးရွာတွင် အရက်ကြောင်နေသော ခင်ပွန်းက လင်မယားချင်း ရန်ဖြစ်စဉ် မိန်းမဖြစ်သူအား သံတုတ်ဖြင့် ရိုက်သတ်ပြီး လာရောက်ဖျန်ဖြေသော အိမ်နီးချင်းအား ထပ်မံရိုက်သတ်သဖြင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး နေရာတွင် သေဆုံးခဲ့ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

မတ် ၉ ရက် နံနက် ၄ နာရီဝန်းကျင်က သာစည်မြို့နယ် ယင်းမာပင်ကျေးရွာ ပေသုံးဆယ်ရပ်ကွက်နေ ကိုထွန်းဝင်း (ခ) ကိုထွန်း (၄၀) နှစ်သည် အရက်ကြောင်ကြောင်ပြီး လင်မယားချင်း စကားများရန်ဖြစ်ကာ ဇနီးဖြစ်သူ ဒေါ်စိန်မြိုင် (၄၁ နှစ်) အား လုံးပတ်ငါးမူးလုံး အရှည်နှစ်ပေ ငါးလက်မသံတုတ်ဖြင့် ရိုက်နှက်ခဲ့ရာ ဒေါ်စိန်မြိုင်မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး လင်မယားချင်း စကားများရန်ဖြစ်သံ ကြားသဖြင့် ဖျန်ဖြေရန် လာရောက်သော အိမ်နီးချင်း ဦးဖိုးနုတ် (၄၂ နှစ်) အား  နေအိမ်ရှေ့လမ်းပေါ်တွင် တွေ့ရှိစဉ်  အသင့်ပါလာသော သံတုတ်ဖြင့်  ထပ်မံရိုက်နှက်ခဲ့သဖြင့် ဦးဖိုးနုတ်မှာ နေရာတွင် သေဆုံးသွားခဲ့သဖြင့် အရက်ကြောင်ကြောင်ကာ ဇနီးနှင့် အိမ်နီးချင်းအား ရိုက်သတ်ခဲ့သူ ကိုထွန်းဝင်း (ခ) ကိုထွန်းအား အရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်း သိရသည်။

“အရက်နည်းနည်းကြောင်နေတယ်။ စိတ်ကမှန်တဲ့အခါလည်း မှန်တယ်။ မမှန်တဲ့ အခါလည်း မမှန်ဘူးပေါ့ဗျာ။ နှစ်ယောက်စလုံးကို သံတုတ်ကိုင်ပြီး ရိုက်သတ်လိုက်တာ။ ရိုက်ပြီးတော့ သံတုတ်ကိုင်ပြီး မိတ္ထီလာ-တောင်ကြီး ကားလမ်းမပေါ် တက်လာတော့ စခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းဖမ်းဆီး ထားပါတယ်” ဟု ယင်းမာပင် နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်မြင့်စိန်က ပြောကြားသည်။

အဆိုပါ အမှုအား ယင်းမာပင်နယ်မြေ ရဲစခန်းက (ပ)၁၁/၂၀၁၈၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားသည်။

Most Read

Most Recent