ဘားအံအကျဉ်းထောင်တွင် အကျဉ်းထောင်ဝန်ထမ်းတစ်ဦး ထောင်အတွင်းသို့ စိတ်ကြွမူးယစ်ဆေးဝါးများ ထည့်သွင်းမှုဖြစ်ပွားခဲ့

ဘားအံအကျဉ်းထောင်တွင် အကျဉ်းထောင်ဝန်ထမ်းတစ်ဦး ထောင်အတွင်းသို့ စိတ်ကြွမူးယစ်ဆေးဝါးများ ထည့်သွင်းမှုဖြစ်ပွားခဲ့
Published 3 March 2018

ကရင်ပြည်နယ် ဘားအံမြို့ရှိ ဘားအံအကျဉ်းထောင်တွင် အကျဉ်းထောင်ဝန်ထမ်း တစ်ဦးက ထောင်အတွင်းသို့စိတ်ကြွမူးယစ်ဆေးဝါးများ ထည့်သွင်းမှု ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၇ ခနာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဘားအံအကျဉ်းထောင်မှ ဒုကြီးကြပ်ရေးမှူး စိုင်းခမ်းမောင်၏ မူးယစ်ဆေးဝါး သတင်းပေးချက်အရ နယ်မြေစခန်းမှူး (စက်မှုဇုန်) မှ ရဲအုပ်မျိုးကျော်ညွန့်ဦးစီး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက သက်သေများနှင့်အတူ ဘားအံအကျဉ်းထောင်အတွင်း သွားရောက်စစ်ဆေးခဲ့ရာ အကျဉ်းထောင်ခန်းမတွင် မျှော်စင် (၃) တာဝန်ကျ ဘားအံမြို့၊ ဘားအံအကျဉ်းထောင်နေသူ အကျဉ်းဝန်ထမ်း ဒုတပ်ကြပ်စောဝင်းစိုး (၃၆) နှစ် (ဘ) ဦးစိုးသိန်းက ထောင်အတွင်းသို့ပစ်ထည့်ထားသော ဖက်ရွက်ဖြင့်ထုပ်၍ အနက်ရောင်တိပ်ဖြင့် ပတ်ထားပြီး အပြာရောင် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ နှစ်ထုပ်၊ ၁၈၈ ပြားပါ တစ်ထုပ်၊ စုစုပေါင်း ၅၈၈ ပြားအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒုတပ်ကြပ် စောဝင်းစိုးအား မေးမြန်းရာ ၎င်းစိတ်ကြ ရူးသွပ်ဆေးပြားများမှာ ဘားအံအကျဉ်းထောင်တွင် မူးယစ်ဆေးဝါးမှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်၊ ကျန်စစ်သားလမ်းနေ ဇင်ဘိုဘိုထူး (၃၁) နှစ် (ဘ) ဦးအုန်းမြင့်၊ ဘားအံမြို့အမှတ် (၅) ရပ်ကွက်၊ အောင်နန်း (၃) လမ်းနေ ခင်ထွေး (၄၀) နှစ် (ဘ) ဦးမောင်သောင်း၊ ဘားအံမြို့ နှစ်ခြားကျေးရွာနေ စောလုံ (၄၅) နှစ် (ဘ) ဦးပန်းလှိုင်တို့မှ ဘားအံမြို့ အမှတ် (၅) ရပ်ကွက် ဓမ္မဝါသီ (၁) လမ်းနေသူ မြင့်သရ (ခ) အပလောင်ထံမှ မူးယစ်ဆေးဝါးများအား ယူဆောင်၍ ထောင်အတွင်းသို့ ထည့်ပေးရန်နှင့် ၎င်းတို့ထံ ရောက်ရှိပါက ငွေကျပ်ငါးသိန်းပေးမည် ဖြစ်ကြောင်း စည်းရုံးပြောဆိုသဖြင့် ဒုတပ်ကြပ် စောဝင်းစိုးက သွားရောက် ယူဆောင်ခဲ့သည့် စိတ်ကြွရူးသွပ်ဆေးဝါးများ ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အကျဉ်းထောင်အတွင်းသို့ မူးယစ်ဆေးဝါးများအား ထည့်သွင်းခဲ့သူ က-၂၇၀၉၂ ဒုတပ်ကြပ် စောဝင်းစိုး၊ စိတ်ကြွမူးယစ်ဆေးဝါးများအား သယ်ဆောင်ပေးရန် စည်းရုံးပြောဆိုခဲ့သူ ဇင်ဘိုဘိုထူး ထောင်ဝင်အမှတ် အဖ/၁၃/ ၀၀၂၅/က၊ ခင်ထွေး ထောင်ဝင်အမှတ် အဖ/၁၃/၀၀၀၃၇/ကနှင့် စောလုံ ထောင်ဝင်အမှတ် အဖ/၁၆/၀၀၆၂၇/က တို့အား စက်မှုဇုန်နယ်မြေရဲစခန်းမှ မယ (ပ) ၂/ ၂၀၁၈၊ မူးယစ်/စိတ်ပြောင်း ဥပဒေပုဒ်မ-၁၉ (က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent