အမြန်လမ်းမကြီး ၁၇၆ မိုင်အနီးတွင် ညအိပ်ရပ်နားနေသောယာဉ်အား ခြိမ်းခြောက်လုယက်သူများအဖွဲ့မှ နှစ်ဦး ဖမ်းဆီးရမိ

အမြန်လမ်းမကြီး ၁၇၆ မိုင်အနီးတွင် ညအိပ်ရပ်နားနေသောယာဉ်အား ခြိမ်းခြောက်လုယက်သူများအဖွဲ့မှ နှစ်ဦး ဖမ်းဆီးရမိ
Published 14 August 2017

 

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ၁၇၆ မိုင်အနီးတွင် ဇူလိုင် ၁၃ ရက် နံနက်အစောပိုင်းက စက်ချို့ယွင်း၍ ရပ်နားပြီး အိပ်နေသော အမျိုးသားနှစ်ဦးထံမှ အမည်မသိ အမျိုးသားသုံးဦးက ဓားရှည်သုံးချောင်းဖြင့် လာရောက်ခြိမ်းခြောက်ကာ လုယက်ထွက်ပြေး သွားသူများအဖွဲ့တွင် ပါဝင်သူနှစ်ဦးအား သြဂုတ် ၁၂ ရက် ညနေပိုင်းက ဖမ်းဆီးရမိထားကြောင်း သိရသည်။

“ပထမလုတာက သုံးယောက်လေ။ ဒီ သုံးယောက်ထဲမှာ နှစ်ယောက်က မိတာပေါ့။ ဒီနှစ်ယောက်က ပြစ်မှုကျူးလွန်တဲ့အထဲမှာ ပါတယ်။ သူတို့နဲ့အတူတူလုပ်တာက အေးမင်း (ခေါ်) မျိုးချစ်ပေါ့၊ သူတို့သုံးယောက်ပေါ့။ အဲဒီမှာ ကားပါတာက ဖိုးစိုးဆိုတဲ့ကောင် က ကားနဲ့ ဟွန်ဒါဖစ်နဲ့ဆိုတော့၊ လေးယောက် ဖြစ်သွားတာပေါ့။ ကျန်ရှိ တရားခံတွေက လိုက်ဖမ်းနေတုန်းပဲ။ အခြေအနေက နှစ်ယောက်က လွတ်နေတယ်ဗျ။ အဲဒီနှစ်ယောက်ဆီမှာ ပစ္စည်းပါသွားတာပေါ့နော်” ဟု အဆိုပါ လုယက်သူများအား လိုက်လံဖမ်းဆီးနေသူ တောင်ငူခရိုင် ရဲတပ်ဖွဲ့မှ ရဲအုပ်တင်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက် ည ၁၁ နာရီ ခန့်ကမိထ္ထီလာဘက်မှ ရန်ကုန်ဘက်သို့ယာဉ်မောင်း ဦးနိုင်ဝင်း ၄၂ နှစ် (ဘ) ဦးလှသန်း ထန်းပင်ကုန်း (၅) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်နေသူ မောင်းနှင်ပြီး ၎င်းနှင့်အတူ ကိုဘဂျမ်း ၃၄ နှစ် (ဘ) ဦးမာ အောင်မင်္ဂလာ (၁) လမ်း၊ ရှစ်မိုင်၊ မရမ်းကုန်းမြို့နယ်နေသူ လိုက်ပါလာ သောယာဉ်အမှတ် 3J/- - - - HYUNDAI STAREX အဖြူရောင်မော်တော်ယာဉ်မှာ ရေတာရှည်မြို့နယ် သာဂရ အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၇၆ မိုင် လေးဖာလုံနှင့် ငါးဖာလုံအကြားသို့ အရောက်တွင် ယာဉ်မှာ စက်ချို့ယွင်းသွားခဲ့သောကြောင့် လမ်းဘေး မြေသားလမ်းပေါ်တွင် ညအိပ်ရပ်နားခဲ့ကြောင်း၊ ထိုသို့ညအိပ်ရပ်နားစဉ် ဇူလိုင် ၁၃ ရက် နံနက် ၅ နာရီခွဲခန့်၌ အမည်မသိ အမျိုးသားသုံးဦးက ဓားရှည်သုံးချောင်းအား ကိုင်ဆောင်ရောက်ရှိလာခဲ့ကြောင်း၊ ရပ်နားထားသောယာဉ်၏ တံခါးအားဖွင့်ကာ ဓားဖြင့်ခြိမ်းခြောက်၍ အမည်မသိ အမျိုးသားနှစ်ဦးက ကိုနိုင်ဝင်းနှင့် ကိုဘဂျမ်းတို့နှစ်ဦး၏ မျက်နှာအား ဓာတ်မီးဖြင့် ထိုးထားခဲ့ပြီး ကျန်အမည် မသိ အမျိုးသားမှ ယာဉ်အတွင်းမှ ကျပ် ၅၀၀၀ တန်အရွက် ၁၀၀ ပါ အထုပ် ၁၀ ထုပ်အပါအဝင် ရွှေထည်နှင့်ပစ္စည်းများအား လုယက် ယူဆောင်သွားခဲ့ရာ စုစုပေါင်းကျပ်သိန်း ၈၀ ကျော်ခန့် ပါသွားခဲ့ကြောင်း၊ အဆိုပါ လုယက်သူ အမည်မသိအမျိုးသားသုံးဦးမှာ ပစ္စည်းများအား လုယူပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သာဂရ အမြန်လမ်းမကြီး ရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါလုယက်မှုဖြစ်စဉ်ကြောင့် သာဂရအမြန်လမ်းမကြီးရဲစခန်းက (ပ)၂၃/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၉၂ အရ ကနဦး အမှုဖွင့် ဆောင်ရွက်ခဲ့ပြီး လုယက်ထွက်ပြေးသွားသူများအား ဖမ်းဆီးရမိရေးအတွက် တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်တင်ဦး၊ သာဂရအမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်ရာဇာလင်းနှင့် ရေတာရှည် မြို့နယ် ဆွာနယ်မြေရဲစခန်းမှူး ရဲအုပ်ညီညီဌေးပါ ပူးပေါင်းအဖွဲ့တို့မှ လုယက်မှုဖြစ်ပွားရာ အနီးပတ်ဝန်းကျင် ကျေးရွာများနှင့် လမ်းမဘေး ဝဲ/ယာရှိ ယာတဲများအား လိုက်လံစုံစမ်းခဲ့ကြောင်း သိရသည်။

ထိုသို့စုံစမ်းစစ်ဆေးရာမှ သြဂုတ် ၁၂ ရက် ညနေပိုင်းတွင် လုယက်သူများအဖွဲ့မှ မိုးကြီး (ခ) မိုးမင်းအောင်နှင့်ဇင်လေး (ခ) ဇင်လင်းအောင်တို့နှစ်ဦးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent