ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်ဦးအလောင်း၏ နဖူးတွင် သေနတ်ဒဏ်ရာဖြင့် တွေ့ရှိမှုအပေါ် လူသေမှုဖြင့်သာ အမှုဖွင့်ထား

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်ဦးအလောင်း၏ နဖူးတွင် သေနတ်ဒဏ်ရာဖြင့် တွေ့ရှိမှုအပေါ် လူသေမှုဖြင့်သာ အမှုဖွင့်ထား
Published 28 February 2018

မြန်မာလုပ်သား၏ အလောင်းအား တာဝန်ရျိသူများက ဆယ်ယူနေစဉ်

ထိုင်းနိုင်ငံ ဆာမွန်ဆာခွန်မြို့နယ်၌ နဖူးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက်ရှိသည့် မြန်မာအလုပ်သမားတစ်ဦး အလောင်းကို ဖေဖော်ဝါရီ ၁၁ ရက်က ချောင်းကမ်းနံဘေးတွင် တွေ့ရှိခဲ့ပြီး နယ်မြေခံ ရဲစခန်းမှ လူသေမှုဖြင့်သာ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

တွေ့ရှိခဲ့သည့် အလောင်းမှာ မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ ကိုကျော်မင်းဦးဆိုသူဖြစ်ပြီး ၎င်း၏အလောင်းကို ကျောက်တိုင်တစ်ခုဖြင့် ရစ်ပတ်ပြီး ရေထဲသို့ချခဲ့ခြင်းဖြစ်ပြီး အလောင်း၏နဖူးတွင် သေနတ်ဒဏ်ရာ တွေ့ရှိရသော်လည်း အမှုကို လူသေမှုဖြင့်သာ နယ်မြေခံရဲစခန်းမှ အမှုဖွင့်ထားကြောင်း AAC အဖွဲ့မှ ကိုရဲမင်းက ပြောကြားသည်။

“သေဆုံးသူရဲ့အမေပြောတာက သူ့သားနဲ့ နောက်တစ်ယောက်က ထိုင်းလူမျိုးတစ်ယောက်ရဲ့အိမ်ထဲမှာ စိုက်ထားတဲ့ ဘိန်းစာရွက်ပင်ကို ညဘက်သွားခိုးခူးလို့ အိမ်ရှင်ကဖမ်းမိသွားပြီး သေနတ်နဲ့ပစ်သတ်ပြီး အလောင်းကို ကျောက်တိုင်တစ်ခုနဲ့ ကြိုးတွဲချည်ပြီး ရေထဲမှာချထားတာ။ သူနဲ့ပါတဲ့တစ်ယောက်က ထွက်ပြေးလို့လွတ်သွားတယ်။ ဒီအမှုကို ရဲက လူသေမှုနဲ့ပဲ ဖွင့်ထားတဲ့အတွက် အမှုမှန်ပေါ်ပေါက်အောင် ကျွန်တော်တို့ကြိုးစားသွားမှာပါ။ သေဆုံးသူရဲ့အမေက ကျွန်တော်တို့ကို အကူအညီလာတောင်းတဲ့အတွက် သံရုံးကိုသတင်းပို့ပြီး အမှုမှန်ပေါ်ပေါက်ဖို့ လုပ်ဆောင်ပေးသွားမှာပါ” ဟု ကိုရဲမင်းက ပြောကြားသည်။

တွေ့ရှိခဲ့သည့်အလောင်းကို ရဲမှ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး သေဆုံးခဲ့သည့်နေ့မှာ ဖေဖော်ဝါရီ ၆ ရက် ညဉ့်နက်ပိုင်းကဖြစ်ပြီး အလောင်းကို ချောင်းကမ်းနံဘေးတွင် တွေ့ရှိခဲ့သည့်နေ့မှာ ဖေဖော်ဝါရီ ၁၁ ရက်ကဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဆာမွန်ဆာခွန်မြို့နယ်၌ နဖူးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက်ရှိသည့် မြန်မာအလုပ်သမားတစ်ဦးအလောင်းကို ဖေဖော်ဝါရီ ၁၁ ရက်က ချောင်းကမ်းနံဘေးတွင် တွေ့ရှိခဲ့ပြီး နယ်မြေခံရဲစခန်းမှ လူသေမှုဖြင့်သာ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent