ပရိုဘောက်စ်ယာဉ်အသုံးပြု၍ ခရီးသည်များထံမှ အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှု ကျူးလွန်သူငါးဦးအား မြောက်ဒဂုံမြို့နယ်တွင် ဖမ်းဆီးရမိ

ပရိုဘောက်စ်ယာဉ်အသုံးပြု၍ ခရီးသည်များထံမှ အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှု ကျူးလွန်သူငါးဦးအား မြောက်ဒဂုံမြို့နယ်တွင် ဖမ်းဆီးရမိ
Published 28 February 2018

ပရိုဘောက်စ်ယာဉ်အသုံးပြု၍ ခရီးသည်များထံမှ အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှုကျူးလွန်သူ ငါးဦးကို မြောက်ဒဂုံမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ခါးပိုက်နှိုက်အဖွဲ့ကို ဖေဖော်ဝါရီ ၂၆ ရက်နံနက်ပိုင်းတွင် ရဲတာဝန်ရှိသူများက သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများဖြစ်သည့် လှိုင်သာယာမြို့နယ်နေ ကျော်လွင် (၂၉ နှစ်) နှင့် အောင်မျိုးသူ (၂၁ နှစ်) ရွှေပြည်သာမြို့နယ်နေ ဟိန်းလတ်ကျော် (၃၈ နှစ်)၊ အရှေ့ဒဂုံမြို့နယ်နေ အောင်မင်းထွန်း (၄၉ နှစ်)နှင့် ဇင်ဘိုဝင်း (၂၆ နှစ်) တို့ငါးဦးကို Oppo အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့အားစစ်ဆေးရာ ဖေဖော်ဝါရီ ၂၆ ရက်နံနက်တွင် ခါးပိုက်နှိုက်ရန် YBS ၈၄ ခရီးသည်တင်ယာဉ်ကို မြောက်ဒဂုံမြို့နယ်၊ ၄၁ ရပ်ကွက်၊ အကြော်တဲမှတ်တိုင်မှ စီးနင်းခဲ့ကြပြီး နာရီစင်မှတ်တိုင်အနီးအရောက်တွင် ယာဉ်ပေါ်ပါအမျိုးသားထံဦး၏ Oppo အမျိုးအစား လက်ကိုင်ဖုန်းကိုနှိုက်ယူ၍ နာရီစင်မှတ်တိုင်တွင်ဆင်းကာ ယင်းမှတ်တိုင်တွင် အသင့်စောင့်နေသည့်ယာဉ်ဖြင့် ထွက်ပြေးခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

၎င်းတို့ငါးဦးအား ထပ်မံစစ်ဆေးရှာဖွေရာ လက်ကိုင်ဖုန်းသုံးလုံး၊ လွယ်အိတ်ငါးလုံး၊ ပိုက်ဆံအိတ်တစ်လုံး၊ ငွေကျပ် ၂၅၀၀၀၊ ရွှေဆွဲကြိုးတစ်ကိုး၊ ရွှေဆွဲသီးတစ်ခု၊ ရွှေနားကပ်တစ်ဖက်တို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ အဆိုပါဖြစ်စဉ်မှ ၎င်းတို့ငါးဦးအား မြောက်ဒဂုံမြို့မရဲစခန်းက (ပ) ၄၈၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (နှိုက်)ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

 

Most Read

Most Recent