ဗဟန်းမြို့နယ်တွင် ဂျပန်နိုင်ငံသူတစ်ဦး၏ ဒေါ်လာများပါသော ကျောပိုးအိတ်ကို အုပ်စုဖွဲ့လုယက်သူ လေးဦးအား ဖမ်းဆီးရမိ

ဗဟန်းမြို့နယ်တွင် ဂျပန်နိုင်ငံသူတစ်ဦး၏ ဒေါ်လာများပါသော ကျောပိုးအိတ်ကို အုပ်စုဖွဲ့လုယက်သူ လေးဦးအား ဖမ်းဆီးရမိ
Published 24 February 2018

ဗဟန်းမြို့နယ်တွင် ဂျပန်နိုင်ငံသူတစ်ဦး၏ ဒေါ်လာများပါ ကျောပိုးအိတ်ကို အုပ်စုဖွဲ့ လုယက်သူလေးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဗဟန်းမြို့နယ် စားသောက်ဆိုင်တစ်ဆိုင်၏ မန်နေဂျာဖြစ်သော ဂျပန်နိုင်ငံသူ Mrs... (၂၆ နှစ်) သည် သူငယ်ချင်းဖြစ်သည့် မြန်မာနိုင်ငံသူ တစ်ဦးနှင့်အတူ ဖေဖော်ဝါရီ ၂၂ ရက်၊ နံနက် ၄ နာရီခန့်တွင် နေအိမ်သို့ပြန်ရန် ယင်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းဘေးရှိ ကမ္ဘောဇဘဏ်ရှေ့တွင် ကားငှားရန် စောင့်ဆိုင်းနေစဉ် အမျိုးသားသုံးဦးမှာ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းတို့သုံးဦးအနက် တစ်ဦးက ဂျပန်နိုင်ငံသူ အမျိုးသမီး၏ လည်ပင်းကို သိုင်းဖက်ချုပ်ထားပြီး ကျန်နှစ်ဦးက စုစုပေါင်း ကျပ် ၁၁ သိန်းကျော်တန်ဖိုးရှိ မြန်မာငွေစက္ကူ၊ အမေရိကန်ဒေါ်လာ၊ လက်ကိုင်ဖုန်း တစ်လုံး၊ ပတ်စ်ပို့စာအုပ် တစ်အုပ်ပါ ဂျပန်နိုင်ငံသူပခုံးတွင် လွယ်ထားသည့် ကျောပိုးအိတ်ကို လုယက်ကာ အနီးတွင်ရှိသည့် အငှားယာဉ်ပေါ်သို့တက်၍ ထွက်ပြေးမောင်းနှင် သွားခဲ့ကြောင်း သိရသည်။

အဆိုပါ လုယက်ခံရမှုကို ဂျပန်နိုင်ငံသူက ဗဟန်းမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ပြီး ရဲစခန်းက (ပ)၁၂၇/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ- ၃၈၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့စုံစမ်းရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ယာဉ်၏အမျိုးအစားနှင့် ယာဉ်နံပါတ်ကို သိရှိခဲ့ရပြီး အဆိုပါယာဉ်အား ပိတ်ဆို့ရှာဖွေရာ ဖေဖော်ဝါရီ ၂၂ ရက် ည ၇ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် အသင်းတိုက် မှတ်တိုင်အနီး၌ လှိုင်သာယာမြို့နယ်နေ ယာဉ်မောင်း စည်သူအောင် (ခ) စည်သူ (၂၄ နှစ်)နှင့်အတူ ယာဉ်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စည်သူအောင်(ခ)စည်သူအား ဆက်လက်စစ်ဆေးရာ ပြစ်မှုကျူးလွန်ရာတွင် ကြည့်မြင်တိုင်မြို့နယ်နေ ကျော်သက်နိုင်(ခ) ကျော်လေး (၁၉ နှစ်)၊ သီဟကျော်(ခ)ဖိုးသား (၂၂နှစ်) နှင့် အင်းစိန်မြို့နယ်နေ ဇွဲကိုကို(ခ)ဇွဲ (၁၇နှစ်) တို့ ပါဝင်ကြောင်းသိရပြီး ၎င်းတို့ကို ဖေဖော်ဝါရီ ၂၃ ရက်၊နံနက် ၄ နာရီခွဲခန့်တွင် ကြည့်မြင့်တိုင်မြို့နယ် စက်ဆန်းရပ်ကွက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၎င်းတို့အား စစ်ဆေးရာ အဆိုပါပြစ်မှုကို ကျူးလွန်ခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကျောပိုးအိတ်အတွင်းပါ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းရမိပြီး ၎င်းတို့ကို အခြားပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ၊ မရှိ ဆက်လက်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent