မောင်တောမြို့နယ်မြောက်ပိုင်း ငါးစားကြူးကျေးရွာ အနီးတွင် အကြမ်းဖက်သမားများ ထောင်ထားသည့်မိုင်းပေါက်ကွဲရာ သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

မောင်တောမြို့နယ်မြောက်ပိုင်း ငါးစားကြူးကျေးရွာအနီး မောင်တော-ကြိမ်ချောင်းကားလမ်း အနောက်ဘက် ကိုက် ၁၀၀ ခန့်အကွာ လယ်ကွင်း၌ ယနေ့ (ဇူလိုင်လ ၁၅ ရက်) နံနက် ၁၀ နာရီ ၅၀ အချိန်တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး လယ်သမား ဘင်္ဂါလီ သုံးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မောင်တော ရဲတပ်ဖွဲ့မှ သိရသည်။

သေဆုံးဒဏ်ရာရှိသည့် လယ်သမားများသည် လယ်ထွန်နေရာမှ ထမင်းစားရန် ရပ်နားစဉ် တစ်ဦးက ထသွားရာမှ နင်းမိပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“သူတို့က လယ်ထွန်ရာကနေ လယ်ကွင်းနား ကုန်ဘောင်နွားစားကျက်မှာ ထမင်းစုစားကြတယ်။ အဲဒီမှာ တစ်ယောက်က ထသွားရာမှာ မိုင်းကိုနင်းမိပြီး ပေါက်ကွဲတာလို့ သိရတယ်။ သုံးဦးသေတယ်။ တစ်ယောက် ဒဏ်ရာရတယ်။ အဲဒီနေရာက မောင်တော-ကြိမ်ချောင်းကားလမ်း အနောက်ဘက် ကိုက် (၁၀၀) လောက် အကွာလောက်မှာ ဖြစ်တာ။ အဲဒီနေရာက အရင်ကလည်း အကြမ်းဖက်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ထိတွေ့မှုဖြစ်စဉ်တွေ ဖြစ်ခဲ့တဲ့ နေရာပါ။ အခုတော့ ပေါက်ကွဲမှု နေရာတွေကို လုံခြုံရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းမှု ဆောင်ရွက်လျက် ရှိတယ်” ဟု မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မိုင်းမှာ အကြမ်းဖက်သမားများ ထောင်ထားသည့်မိုင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် သေဆုံးသူများမှာ ဆွေယောဒူလာ (၁၄ နှစ်) (ဘ) နိုရာလောင်၊ ဖေရန် (အသက် ၆၃ နှစ်) နှင့် အိုစမာန် (၁၆ နှစ်) (ဘ) မာမောက်တာလီတို့ဖြစ်ပြီး ဒဏ်ရာရသူမှာ အီမန်ဟူဆောင် (၈ နှစ်) (ဘ) ဖေရန် ဆိုသူဖြစ်ကြောင်း သိရသည်။ ဒဏ်ရာရသူကို မောင်တောဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Writer: 
သားရွှေဦး (ကစ္ဆပ)