ကျိုက်ထိုမြို့တွင် တရားမ၀င် ကျွန်းတံခါးရွက် ၅၄၉ ရွက် ဖမ်းဆီးရမိ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဘိုက္ကားကျေးရွာအနီး ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ်တွင် ဇွန် ၁၇ ရက် မွန်းလွဲ ၁၂ နာရီခွဲက တရားမ၀င် ကျွန်းတံခါးရွက် ၅၄၉ ရွက် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ကျိုက်ထိုမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မျိုးလွင် ဦးစီးအဖွဲ့၊ မှုခင်းနှိမ်နင်းရေးဌာနမှ ရဲတပ်ကြပ်ကြီး အေးမင်းထွန်း၊ ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက သက်သေများနှင့်အတူ တရားမ၀င်သစ်များ သယ်ဆောင်လာကြောင်း သတင်းအရ ကျိုက်ထိုမြို့နယ် ဘိုက္ကားကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် စောင့်ဆိုင်းနေစဉ် ပဲခူးမြို့ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် အလယ်သျှိကျေးရွာနေ ချမ်းမြေ့မောင် (၂၄ နှစ်) (ဘ) ဦးမောင်ဆင့် မောင်းနှင်လာပြီး ယာဉ်နောက်လိုက် အောင်စိုးဝင်း ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် ဘုရားကုန်းကျေးရွာနေ လိုက်ပါလာသော 9F/ ---- ISUZS ကွန်တိန်နာအဖြူရောင် ခြောက်ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ၄ ပေ × ၁ ပေခွဲ ကျွန်းတံခါးရွက် ၂၁၅ ချပ်၊ ၃ ပေ × ၁ ပေခွဲ ကျွန်းတံခါးရွက် ၈၄ ချပ်၊ ၆ ပေ × ၂ ပေ ကျွန်းတံခါးရွက် ၁၂၀ ချပ်၊ ၆ ပေ × ၂ ပေခွဲ ကျွန်းတံခါးရွက် ၃၆ ချပ်၊ ၆ ပေ × ၁ ပေခွဲ ကျွန်းတံခါးရွက် ၉၀ ချပ်၊ ၆ ပေခွဲ × ၂ ပေ ကျွန်းတံခါးရွက်လေးချပ် စုစုပေါင်း ကျွန်းတံခါးရွက် ၅၄၉ ချပ်၊ ၄၁၉ ဒသမ ၈၁ ကုဗပေ (၈ ဒသမ ၃၉၆၂) တန်၊ ခန့်မှန်းတန်ဖိုး ကျပ် ၄၁၉၈၁၀၀ ခန့်အား သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။   

Writer: 
ဘိုဘိုမြင့်