မုံရွာမြို့တွင် ဘိန်းဖြူများနှင့် မူးယစ်ဆေးပြားများ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မုံရွာမြို့တွင် ဖမ်းဆီးရမိသည့် ဘိန်းဖြူများနှင့် မူးယစ်ဆေးပြားများကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ထန်းတောရပ်ကွက်နှင့် နန္ဒ၀န်ရပ်ကွက် နှစ်ခုတွင် ဇွန် ၁၉ ရက် နံနက်ပိုင်းက ဘိန်းဖြူများနှင့် မူးယစ်ဆေးပြား အများအပြား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မုံရွာမြို့ ထန်းတောရပ်ကွက်နှင့် နန္ဒ၀န်ရက်ကွက် အတွင်းရှိသည့် ချုံ၊ အမှိုက်ပုံ၊ လမ်းနံဘေး၊ ရေမြောင်းထဲတွင် စွန့်ပစ်ထားသည့် ဘိန်းဖြူများနှင့် မူးယစ်ဆေးပြား အများအပြား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

“ကနဦးကတော့ ကျွန်တော်တို့ ထန်းတောရပ်ကွက်က ကျေးဇူးကျောင်းရဲ့တောင်ဘက်မှာ ဆာလာအိပ်နဲ့ ထုပ်ထားတဲ့ ဘိန်းဖြူနဲ့ ဆေးပြားတွေ တွေ့ပါတယ်။ အဲဒီတွေ့တဲ့နေရာကို ရဲတပ်ဖွဲ့ရောက်လာပြီး လိုက်ရှာကြတဲ့ အခါမှာလည်း ထပ်တွေ့တယ်။ နောက်တစ်ခါ နန္ဒ၀န်ရပ်ကွက်ထဲကို ထပ်ရှာတော့လည်း နေရာငါးနေရာလောက် တွေ့တယ်။ အမှိုက်ပုံ၊ ရေမြောင်းတွေထဲကလည်း တွေ့တယ်” ဟု မူးယစ်ဆေးဝါး တွေ့ရှိမှုတွင် အစအဆုံးလိုက်ပါခဲ့သူ ကိုမောင်လေးငယ်ငယ်က ပြောကြားသည်။

ဆာလာအိပ် အဖြူရောင်အိတ်များနှင့် ထည့်ထားသည့် ဘိန်းဖြူများနှင့် မူးယစ်ဆေးပြားများသည် နေရာတစ်ခုတည်း တွေ့ရှိခဲ့ခြင်းမဟုတ်ဘဲ တစ်နေရာနှင့် တစ်နေရာ တွေ့ရှိမှုတွင် နေရာချင်း မတူညီကြောင်း၊ ယင်းဘိန်းဖြူများနှင့် မူးယစ်ဆေးပြားများသည် မုံရွာနယ်မြေ ရဲစခန်းပိုင်အတွင်း၌ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“အစ်မတို့ရပ်ကွက်ထဲ ပီနန်အိတ်နဲ့ဆိုရင် ၁၀ အိတ်တွေ့တာပေါ့။ နောက်ထပ် နန္ဒ၀န်ရပ်ကွက်ထဲမှာလည်း တွေ့တယ်။ အစ်မက ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်တာ တစ်နှစ်ကျော်ပါပြီ။ အခုလို တွေ့တာကတော့ ပထမဆုံးပဲ။ ဟိုနားလည်းတွေ့လိုက်၊ ဒီနားလည်း တွေ့လိုက်နဲ့ တွေ့တဲ့နေရာတွေက များတယ်” ဟု မုံရွာမြို့ ထန်းတောရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ခင်ပပက ဆိုသည်။

မုံရွာနယ်မြေရဲစခန်း အပိုင်ထဲတွင် တွေ့ရှိသည့် ဘိန်းဖြူများနှင့် မူးယစ်ဆေးပြားများသည် ဘိန်းဖြူအထုပ်ရေ ၁၆၀၈ ထုပ်နှင့် မူးယစ်ဆေးပြားတစ်သိန်းတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ဇွန် ၁၉ ရက် ညနေ ၃ နာရီတွင် ဘိန်းဖြူအထုပ်သုံးထုပ် ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ကျွန်တော် ဒီကိုရောက်ပြီး တာဝန်ထမ်းဆောင်တာ တစ်နှစ်ကျော်ပါပြီ။ ပြည်သူလူထုက သတင်းပေးလို့ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေ ရှိသလို ကိုယ်တိုင်အသွင်ယူပြီး ဖမ်းခဲ့ရတဲ့ အမှုတွေလည်း ရှိပါတယ်။ အခြားအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးရတာလည်း ရှိပါတယ်။ အခုဖမ်းဆီးရမိတဲ့ဟာကတော့ ပိုင်ရှင်စုံစမ်းဆဲပဲ ဆိုပေမယ့် အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကတော့ ပမာဏ အများဆုံးပါပဲ။ ဒီလိုများပြားတဲ့ မူးယစ်ဆေးဝါးတွေကို ကျွန်တော့်အပိုင်ထဲမှာ ဖမ်းမိတာကတော့ ပထမအချက်အနေနဲ့ ၀မ်းသာတယ်။ ဒုတိယအချက်ကတော့ ကျွန်တော် စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပိုင်ရှင်ကို လတ်တလော မဖော်ထုတ်နိုင်သေးလို့ပါ” ဟု မုံရွာနယ်မြေရဲစခန်းမှ စခန်းမှူးရဲအောင်က ပြောကြားသည်။

လက်ရှိတွင် ဘိန်းဖြူများထည့်သွင်းထားသည့် ဆပ်ပြာခွက် ၁၇၀၁၁ ခွက်နှင့် မူးယစ်ဆေးပြား တစ်သိန်းအား တွေ့ရှိထားကြောင်းသိရပြီး ကျန်ရှိနေသည့် မူးယစ်ဆေးပြားများနှင့် ဘိန်းဖြူများကို တွက်ချက်ဆဲဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မုံရွာနယ်မြေရဲစခန်းတွင် သိမ်းဆည်းရမိခဲ့သည့် ဘိန်းဖြူများနှင့် မူးယစ်ဆေးပြားအား တွက်ချက်စစ်ဆေး ဆောင်ရွက်နေဆဲကာလဖြစ်သည့်အတွက် ကာလတန်ဖိုးငွေများနှင့် ဥပဒေပုဒ်မများ စိစစ်ဆောင်ရွက်ဆဲဖြစ်ကာ ဇွန် ၁၉ ရက် ညနေ ၅ နာရီအထိ အမှုဖွင့် အရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Writer: 
ကောင်းခန့်လင်း