ကျောက်တံတားမြို့နယ်ရှိ MK Travel & Tour လေယာဉ်လက်မှတ် အရောင်းဆိုင်တွင် ၀န်ထမ်းတစ်ဦးအား ကြိုးတုပ်ခြိမ်းခြောက်ပြီး ငွေနှင့် ရွှေထည်ပစ္စည်းများ လုယူသွားသူ လူငယ်နှစ်ဦးအား ဖမ်းဆီးရမိ

Photo - Yangon Police

ကျောက်တံတားမြို့နယ်ရှိ MK Travel & Tour ကုမ္ပဏီလီမိတက် လေယာဉ်လက်မှတ် အရောင်းဌာနတွင် ၀န်ထမ်းအမျိုးသမီး တစ်ဦးအား ကြိုးတုပ်ပြီး ငွေနှင့်ရွှေထည်ပစ္စည်းများ လုယူသွားသူ လူငယ်နှစ်ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဇွန် ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဇွန် ၁၈ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် ကျောက်တံတားမြို့နယ်ရှိ MK Travel & Tour ကုမ္ပဏီလီမိတက် လေယာဉ်လက်မှတ် အရောင်းဌာနတွင် အလုပ်လုပ်ကိုင်သည့် ၀န်ထမ်းဖြစ်သူ မပိုးပွင့်ဖြူမှာ ဆိုင်၌တစ်ဦးတည်းရှိနေစဉ် အသက်နှစ်ဆယ်ဝန်းကျင်ခန့်ရှိ လူငယ်နှစ်ဦးမှာ လေယာဉ်လက်မှတ်စုံစမ်းရန် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့နောက် လူငယ်နှစ်ဦးက မပိုးပွင့်ဖြူ၏ မျက်နှာအား လက်ကိုင်ပုဝါဖြင့်အုပ်ပြီး ချွန်ထက်သည့်အရာဖြင့်ထောက်ကာ အဆိုပါဆိုင်၏ အိမ်သာဘက်သို့ ဆွဲခေါ်သွားခဲ့ကြောင်း၊ ယင်းနောက် မပိုးပွင့်ဖြူ၏ ပါးစပ်အတွင်းသို့ အ၀တ်စများထည့်ကာ ပါးစပ်နှင့်မျက်နှာတို့တွင် အနက်ရောင်တိပ်ဖြင့်ပတ်ကာ ခြေထောက်နှင့်လက်များကိုလည်း နိုင်လွန်ကြိုးဖြင့်တုတ်ထားခဲ့ပြီး ၎င်းဝတ်ဆင်ထားသည့် စိန်လက်စွပ်တစ်ကွင်း၊ ရွှေဟန်းချိန်းတစ်ခုတို့အား  လုယူခဲ့ကြောင်း သိရသည်။

ယင်းအပြင် ကုမ္ပဏီရုံးခန်းအတွင်းရှိ အံဆွဲတစ်ခုထဲမှ ငွေကျပ်သိန်း (၇၀) အား ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း၊ ထို့နောက် မပိုးပွင့်ဖြူမှာ ၎င်း၏ဖုန်းဖြင့် အစ်ကိုဖြစ်သူအား ဆက်သွယ်ရာမှ သက်ဆိုင်ရာရဲတာဝန်ရှိသူများက လာရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက အခင်းဖြစ်ပွားသည့်နေရာအား အသေးစိတ်စုံစမ်း စစ်ဆေးခဲ့ရာ အဆိုပါကုမ္ပဏီတွင် မပိုးပွင့်ဖြူ အပါအ၀င် ၀န်ထမ်းသုံးဦးရှိပြီး အခင်းဖြစ်ပွားသည့်နေ့တွင် ယင်းဆိုင်မှ ၀န်ထမ်းတစ်ဦးဖြစ်သူ မြတ်သီဟထွန်း (ခ) သီဟဆိုသူမှာ ကုမ္ပဏီသို့ မလာခဲ့ကြောင်း၊ ပြန်လည်စစ်ဆေးသည့် စီစီတီဗီမှတ်တမ်းတွင်လည်း လုယက်ခဲ့သည့် လူငယ်နှစ်ဦးမှာ မျက်နှာဖုံးတပ်ထားပြီး တစ်ဦးမှာ အဆိုပါဆိုင်၌ အလုပ်လုပ်ကိုင်နေသည့် မြတ်သီဟထွန်း (ခ) သီဟနှင်ဆင်တူကြောင်း သိရသဖြင့် ၎င်းသွားလာတက်သည့် နေရာများအား လိုက်လံစစ်ဆေး ရှာဖွေခဲ့ကြောင်း သိရသည်။

လိုက်လံရှာဖွေရာ မြတ်သီဟထွန်း(ခ)သီဟဆိုသူအား အခင်းဖြစ်ပွားသည့်နေ့ ညနေ ၆နာရီခန့်တွင် ၎င်းနေထိုင်သည့် တာမွေမြို့နယ်ရှိ နေအိမ်တွင် တွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးစစ်ဆေးရာ မြတ်သီဟထွန်း(ခ)သီဟဆိုသူမှာ ၎င်း၏သူငယ်ချင်းဖြစ်သူ ဇွဲမာန်ဦးနှင့်အတူ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးရာ ၎င်းတို့နှစ်ဦးမှာ ငွေကြေးအခက်အခဲရှိသဖြင့် MK Travel & Tour ကုမ္ပဏီလီမိတက် လေယာဉ်လက်မှတ်အရောင်းဌာနတွင် မပိုးပွင့်ဖြူ တစ်ဦးတည်းရှိနေမည့်အချိန်အား ရွေးကာခြိမ်းခြောက် လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်မှတ်အရောင်းဌာနမှ ၀န်ထမ်းဖြစ်သူ မြတ်သီဟထွန်း(ခ)သီဟမှာ ယင်းဆိုင်တွင် အလုပ်လုပ်ကိုင်ခဲ့ဖူးပြီး အလုပ်မှ ထွက်သွားရာမှ လွန်ခဲ့သည့်သုံးလခန့်က ပြန်လည်စတင်၍ အလုပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဖြစ်စဉ်တွင် ပါဝင်သည့် ဇွဲမာန်ဦးအား ဇွန် ၁၉ ရက်၊ နံနက် ၁ နာရီခန့်တွင် ၎င်းနေထိုင်သည့် တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ရွာမရပ်ကွက်ရှိ နေအိမ်မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ လုယက်သွားသူနှစ်ဦး ယူဆောင်သွားသည့် စိန်လက်စွပ်၊ ဟိန်းချိန်းနှင့် ငွေသိန်း လေးဆယ်ကျော်အား ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“လုယူသွားတဲ့ လက်စွပ်၊ ဟန်းချိန်းနဲ့ ငွေသိန်းလေးဆယ်ကျော်ကိုတော့ သက်သေခံပစ္စည်းအနေနဲ့ ပြန်လည်သိမ်းဆည်းထားပါတယ်။ သူတို့ကို ဇွန် ၁၉ ရက်မှာ ရုံးထုတ်ရမန်ယူထားပါတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ မြတ်သီဟထွန်း(ခ)သီဟနှင့် ဇွဲမာန်ဦးတို့ နှစ်ဦးအား ကျောက်တံတားမြို့မရဲစခန်းမှ (ပ)၂၄၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၉၂/၃၄၁ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ 

Writer: 
သီဟအောင်