ဗိုလ်တထောင်မြို့နယ်ရှိ ဆောက်လက်စ တိုက်အတွင်း အသက် ၅၅ နှစ်အရွယ် အမျိုးသမီးအား သားမယားပြုကျင့်ပြီး ငွေနှင့် ရွှေထည်များ လုယူသွားသူကို ဖမ်းဆီးရမိ

ဗိုလ်တထောင်မြို့နယ်ရှိ ဆောက်လက်စ တိုက်အတွင်း အသက် ၅၅ နှစ်အရွယ် အမျိုးသမီးအား သားမယားပြုကျင့်ပြီး ငွေနှင့် ရွှေထည်များ လုယူသွားသူကို ဖမ်းဆီးရမိ
Published 15 February 2018

Photo: Yangon Police

ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ဆောက်လက်စတိုက်အတွင်း အသက် ၅၅ နှစ်အရွယ် အမျိုးသမီးအား သားမယားပြုကျင့်ပြီး ငွေနှင့် ရွှေထည်များ လုယူသွားသူကို ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းမှ စုံစမ်းသိရသည်။

အဆိုပါ အမျိုးသားမှာ အသက် ၂၅ နှစ် ဝန်းကျင်ရှိပြီး ၎င်းအား အခင်းဖြစ်ပွားပြီး တစ်ရက်အကြာတွင် ပုဇွန်တောင်မြို့နယ်၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက်၊ မွန်း လွဲ ၂ နာရီတွင် ဗိုလ်တထောင်မြို့နယ်၊ ၄၂ လမ်း၊ အမှတ် ၁၅ ရှိ ဆောက်လက်စ တိုက်တွင် နေထိုင်သည့် ဒေါ်... ၅၅ နှစ်သည် အဆိုပါတိုက်၏ ပထမထပ်တွင် ရှိနေစဉ် အမည်မသိ အမျိုးသားတစ်ဦး ရောက်ရှိလာခဲ့ကြောင်း၊ အဆိုပါ အမျိုးသားက အလုပ်လာရှာခြင်းဖြစ်ကြောင်း ပြောဆိုသဖြင့် ဒေါ် ....က ယင်းအမျိုးသားအား ဆက်လက် စကားပြောနေခဲ့ကြောင်း၊ ယင်းသို့ စကားပြောနေစဉ် အဆိုပါ အမျိုးသားက ဒေါ်.... အား ပိုက်ဆံထုတ်ပေးရန်နှင့် မပေးပါက “မုဒိမ်းကျင့်မယ်၊ ထောင်က ထွက်လာတာ”ဟု ပြောဆို၍ ဒေါ် ....မှာ ပိုက်ဆံ နှစ်သိန်း ထုတ်ပေးခဲ့ကြောင်း၊ ဒေါ်... ဝတ်ဆင်ထားသည့် ကျောက်ဖြူ နားကပ်အား ယင်းအမျိုးသားက ထပ်မံတောင်း၍ ချွတ်ပေးခဲ့ရကြောင်း သိရသည်။

“ကျုးလွန်ခံရတဲ့ အမျိုးသမီးက အဲဒီ ဆောက်လက်စတိုက် ပထမထပ်မှာ။ သူ့သား တစ်ယောက်နဲ့ အလုပ်သမားတစ်ယောက်က ခြောက်လွှာမှာ အုတ်စီ အချောသတ်လုပ်ငန်း လုပ်နေတာ။ ကျုးလွန်သူက ငွေကို တောင်းတော့ အဲဒီအမျိုးသမီးက ပေးတယ်။ ပြီးတော့ နားကပ်ကို ထပ်တောင်းတယ်။ အခင်းဖြစ်တယ်ကြားလို့ ကျွန်တော်တို့ သွားကြည့်တော့ အမျိုးသမီးက ရင်လျားနဲ့။ အင်္ကျီကလည်း ဖြဲခံထားရတယ်။ ပြီးတော့ ပါးစပ်ထဲကိုလည်း အဝတ်စတွေ ထည့်ထားတယ်။ လည်ပင်းကို ပုဆိုးပိုင်းနဲ့တုတ်ပြီး သားမယားပြုကျင့်တာပါ။ သူ့ကိုတော့ အခင်းဖြစ်တဲ့လမ်းမှာ တပ်ထားတဲ့ စီစီတီဗီမှတ်တမ်းကနေ ခြေရာခံ လိုက်ဖမ်းဆီးတာပါ။ သူက ပြစ်မှုမကျူးလွန်ခင်တုန်းက အဲဒီလမ်းထဲက အရက်ဆိုင်မှာ ထိုင်သောက်တယ်။ ပြီးမှ ထလာပြီး အခုလိုကျုးလွန်တာပါ။ အခင်းဖြစ်ပွားတဲ့ တိုက်ရှေ့မှာလည်း ကွမ်းယာဆိုင် တစ်ဆိုင်ရှိပါတယ်။ ဖြစ်သွားချိန်က မိနစ် ၄၀ ကျော်လောက်ပဲ ကြာလိုက်မယ်”ဟု ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်မှ အုပ် ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောကြားသည်။

ဖြစ်စဉ်အား ဗိုလ်တထောင်မြို့မ ရဲစခန်းက (ပ) ၆၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ -၃၇၆/၃၈၄ဖြင့် ဖမ်းဆီး အမှုဖွင့် စစ်ဆေးနေသည်။

Most Read

Most Recent