ကိုးနှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်စဉ် အော်ဟစ်ငိုယိုသဖြင့် လည်ပင်းညှစ်ရာမှ သေဆုံးမှု တပ်ကုန်းမြို့နယ်တွင် ဖြစ်ပွား

ကိုးနှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်စဉ် အော်ဟစ်ငိုယိုသဖြင့် လည်ပင်းညှစ်ရာမှ သေဆုံးမှု တပ်ကုန်းမြို့နယ်တွင် ဖြစ်ပွား
Published 14 February 2018

ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည်စဉ် အော်ဟစ်ငိုယိုသဖြင့် လည်ပင်းညှစ်ရာမှ သေဆုံးမှု ဖေဖော်ဝါရီ ၁၂ ရက်က တပ်ကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲက တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင် (၂၇၃/၃-၄) ကြား ယာမြေအတွင်းရှိ လူမနေသည့်တဲအတွင်း ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးနေသည်ကို တပ်ကုန်းမြို့မ ရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ မိန်းကလေး၏ လည်ပင်းတွင် မိန်းမသုံးပဝါရစ်ပတ်လျက် လျှာထွက်ကာ ပါးစပ်နှင့် နှာခေါင်းတို့တွင် သွေးထွက်ဒဏ်ရာများ ရရှိကာ သေဆုံးနေကြောင်း၊ တဲအနောက်ဘက်အခန်း၌ ရေသန့်ဘူးခွံများ ထည့်ထားသည့် ဆာလာအိတ်နှစ်အိတ်ပါ မိန်းမစီးစက်ဘီးတစ်စီး တွေ့ရှိခဲ့ကြောင်း၊ မိန်းကလေး၏ အလောင်းအား တပ်ကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးရာ တပ်ကုန်းမြို့အထွက် အေးရှားဝေါလ်တိုးဂိတ်ရှိ CCTV မှတ်တမ်းနှင့် အခြားစုံစမ်းချက်များအရ သေဆုံးသူ မိန်းကလေးနှင့် ကိုပို (ခ)တင်ရွှေ (၄၃နှစ်) တို့သည် ရေသန့်ဘူးခွံများ ကောက်ရန် စက်ဘီးကိုယ်စီဖြင့် ရှောက်ကုန်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။ ထို့နောက် ကိုပို(ခ)တင်ရွှေအား တပ်ကုန်းမြို့မရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့ရာ မိန်းကလေးအား အခင်းဖြစ်တဲ အတွင်းသို့ ရေသန့်ဘူးခွံ ဝင်ကောက်မည်ဟု ချော့မော့ပြောဆိုကာ ခေါ်ဆောင်ခဲ့ကြောင်း၊ ထိုစဉ် သားမယားပြုကျင့်ရန် ကြိုးစားစဉ် မိန်းကလေးမှာ အော်ဟစ်ငိုယိုနေသဖြင့် မအော်နိုင်ရန် လည်ပင်းအားညှစ်စဉ် သေဆုံးသွားကြောင်း၊ ၎င်းမှာ အနီးတွင်တွေ့ရှိသည့် ဇာပဝါဖြင့် မိန်းကလေးလည်ပင်းအား ချည်နှောင် ထားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

အဆိုပါဖြစ်စဉ်ကို တပ်ကုန်းမြို့မရဲစခန်း က (ပ)၄၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး  ဥပဒေနှင့်အညီ တရားစွဲတင်ပို့ရန် စီစဉ်နေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

Most Read

Most Recent