၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၂၀၀၀ ကျော်ဖိုး သိမ်းဆည်းရမိ

၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၂၀၀၀ ကျော်ဖိုး သိမ်းဆည်းရမိ
Published 12 August 2017

၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှ ၃၁ ရက်အတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၂၀၀၀ ကျော်ဖိုး သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

အကောက်ခွန် ဦးစီးဌာနက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းများ၊ အထူးကင်း၊ ရေပူစစ်ဆေးရေး စခန်းနှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီးတို့တွင် ဇူလိုင် ၁ ရက်မှ ၃၀ ရက်အတွင်း တင်သွင်း/တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် အကောက်ခွန်မဲ့ပစ္စည်း (ခန့်မှန်းတန်ဖိုး ကျပ် ၂၀၀၄ ဒသမ ၃၉၀ သန်းခန့်) ကို သိမ်းဆည်းရမိခဲ့သည်။

ယင်းသို့ သိမ်းဆည်းမိခဲ့ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က တားဆီးမှု နှစ်မှု (ခန့်မှန်းတန်ဖိုး ၄၂ ဒသမ ၅ သန်းခန့်)၊ ရန်ကုန်ဆိပ်ကမ်းက တားဆီးမှု ၁၃ မှု (ခန့် မှန်းတန်ဖိုးကျပ် ၃၉၉ ဒသမ ၂၈၃ သန်းခန့်)၊ ရန်ကုန်စာတိုက်ကြီးက တားဆီးမှု တစ်မှု (ခန့်မှန်းတန်ဖိုး ၀ ဒသမ ၂ သန်းခန့်)၊ ရန်ကုန်တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနမှူးရုံးက တားဆီးမှု တစ်မှု (ခန့်မှန်းတန်ဖိုး ၀ ဒသမ ၉ သန်းခန့်)၊ မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနမှူးရုံးက တားဆီးမှု ၁၃ မှု (ခန့်မှန်းတန်ဖိုး ၁၉၅ ဒသမ ၄၅၅ သန်းခန့်)၊ ရေပူစစ်ဆေးရေးစခန်းက တားဆီးမှု ၆၃ မှု (ခန့်မှန်းတန်ဖိုး ၆၉၀ ဒသမ ၉၁၃ သန်းခန့်)၊ မရမ်းချောင် စစ်ဆေးရေးစခန်းက တားဆီးမှု ၈၁ မှု (ခန့်မှန်းတန်ဖိုး ကျပ် ၃၇၉ ဒသမ ၄၅၂ သန်းခန့်)၊ ပဲခူးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနမှူးရုံးက တားဆီးမှု ခြောက်မှု (ခန့်မှန်းတန်ဖိုး ကျပ် ၅၇ ဒသမ ၅၉၈ သန်းခန့်)၊ မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးက တားဆီးမှု ငါးမှု (ခန့်မှန်းတန်ဖိုး ကျပ် ၂၁ ဒသမ ၁၀၀ သန်းခန့်)၊ မူဆယ်မြို့နယ် OSS စစ်ဆေးရေးစခန်းက တားဆီးမှု ၂၆ မှု (ခန့်မှန်းတန်ဖိုး ကျပ် ၁၄၃ ဒသမ ၁၉၄ သန်းခန့်)၊ တာချီလိတ် OSS စစ်ဆေးရေးစခန်းက တားဆီးမှု နှစ်မှု (ခန့်မှန်းတန်ဖိုး ကျပ် ၁၉ ဒသမ ၅၀၀ သန်းခန့်)၊ လွယ်ဂျယ် OSS စစ်ဆေးရေးစခန်းက တားဆီးမှု လေးမှု (ခန့်မှန်းတန်ဖိုး ၃ ဒသမ ၁၀၄ သန်းခန့်)၊ မြစ်ကြီးနားမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးက တားဆီးမှု သုံးမှု (ခန့်မှန်းတန်ဖိုး ကျပ် ၈ ဒသမ ၈၈၄ သန်းခန့်)၊ မော်လမြိုင်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးက တားဆီးမှု ခုနစ်မှု (ခန့်မှန်းတန်ဖိုး ကျပ် ၄၂ ဒသမ ၃၀၃ သန်းခန့်)၊ စုစုပေါင်း ၂၂၇ မှု (ခန့်မှန်းတန်ဖိုး ကျပ် ၂၀၀၄ ဒသမ ၃၉၀ သန်းခန့်) တို့ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လအတွင်း အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုသည် ယခင်နှစ်လနှင့် နှိုင်းယှဉ်ပါက လျော့ကျခဲ့ပြီး ပြီးခဲ့သည့် ဧပြီလတွင် တရားမဝင် အကောက်ခွန်မဲ့ပစ္စည်း ၁၄၆၇ ဒသမ ၁၀၅ သန်းဖိုး၊ မေလတွင် တရားမဝင် အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၃၃၀၀ ကျော်ဖိုး၊ ဇွန်လတွင် တရားမဝင် အကောက်ခွန်မဲ့ပစ္စည်း ၃၆၉၁ ဒသမ ၀၂ သန်းဖိုး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လအတွင်း အကောက်ခွန်ဦးစီးဌာနမှ ဖမ်းဆီးခဲ့သော တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများတွင် လိုင်စင်မဲ့ကားများ အပါအဝင် ထူးခြားဖမ်းဆီးမှုများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent