၁၄ နှစ်အရွယ် မိန်းကလေးအား လိမ္မော်သီးခိုးသည်ဟုဆိုကာ ရေနွေးပူလောင်း၊ ထင်းခြမ်းဖြင့် ရိုက်ခံရသည့်အမှုတွင် ကျူးလွန်သူကို အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ် ပြစ်ဒဏ်ချမှတ်

လိမ္မော်သီးခိုးသည်ဟုဆိုကာ ရေနွေးပူလောင်း၊ ထင်းခြမ်းဖြင့် ရိုက်ခံရသည့်အမှုတွင် ကျူးလွန်သူကို မော်လမြိုင်မြို့နယ် တရားရုံးတွင် ရုံးထုတ်စဉ်

လိမ္မော်သီးခိုးသည်ဟု စွပ်စွဲကာ ရေနွေး ပူလောင်း၊ ထင်းခြမ်းဖြင့်ရိုက်ခံရသည့် အလုပ်သမား မခင်ခင်ထွန်း(၁၄ နှစ်) ၏အမှုတွင် မော်လမြိုင်မြို့နယ်တရားသူကြီးက တရားခံ မသီသီစိုး(၄၀ နှစ်) ကို ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၃၂၃ အရ အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ပြီး ပြစ်ဒဏ်ကို တစ်ပေါင်းတည်း ကျခံစေရန်နှင့် ချုပ်ရက်ကို ထောင်ဒဏ်မှ ထုတ်နုတ်လိုက်ကြောင်း မေ ၁၈ ရက် ညနေပိုင်းတွင် အမိန့်ချမှတ်ကြောင်း သိရသည်။

တရားရုံးမှ ပြစ်ဒဏ်ချမှတ်ပြီးနောက် တရားလိုအကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်ယဉ်မင်းစန်းကို တွေ့ဆုံမေးမြန်းရာ “ရာဇသတ်ကြီးပုဒ်မ ၃၂၆၊ ၃၂၃ စွဲချက်အတိုင်းပဲ အမိန့်ချသွားပါတယ်။ ၃၂၆ ကျတော့ အလုပ်နဲ့ထောင်ဒဏ် ခုနစ်နှစ်၊ ၃၂၃ အရဆိုရင် အလုပ်နဲ့ထောင်ဒဏ် တစ်နှစ်၊ အဲဒါကိုတစ်ပေါင်းတည်းကျခံစေဖို့ အမိန့်ချမှတ်တယ်။ ပြီးတော့ ချုပ်ရက်တွေ ထုတ်နုတ်ခံစားဖို့အတွက်ကို အမိန့်ချမှတ် ပေးသွားပါတယ်။ တရားရုံးမှာ ကျတော့လေ ကြားနာတဲ့ပြစ်မှုအပေါ်မှာ သင့်တင့်မျှတတဲ့ ပြစ်ဒဏ်ချမှတ်ရတယ်။ ပြီးတော့ ဆင်ခြင်တုံတရားအရ ချမှတ်ရတယ်။ တရားခံဖက်၊ တရားလိုဖက် မျှတတဲ့ ပြစ်ဒဏ်ကို တရားရုံးက ချမှတ်ပေးပါတယ်။ အကယ်၍ ပြစ်ဒဏ်တိုး ပြင်ဆင်မှုတက်လိုပါက အဖွဲ့အစည်းအနေနဲ့ ဆရာများရဲ့ဆုံးဖြတ်မှု၊ တရားလိုရဲ့တိုင်ပင်မှုလည်း လိုပါတယ်” ဟု ပြောကြားသည်။

တရားရုံး၏ ပြစ်ဒဏ်ချမှတ်မှုကို နည်းသည်၊ များသည်ဟု မပြောလိုပါ။ ကျူးလွန်သူကိုလည်း ချစ်ခြင်း၊ မုန်းခြင်းမရှိပါ။ ကလေးသူငယ် ပြစ်မှု၊ လူကုန်ကူးမှု စသည့်ဌာနတို့မှ ပါဝင်လာပါက ကလေးတွက် ပိုထိရောက် အားကောင်းမည်ဟု ယူဆကြောင်း၊ ကလေးများအပေါ် အာဏာပိုင်တွေက ယခုထက်ပိုမိုကာ ကွယ်ပေးနိုင်ပါက ကလေးသူငယ်ပြစ်မှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း ဒေါ်သီသီနွယ် (မေတ္တာဆုံဆည်း လူမှုကယ်ဆယ်ရေး)က ပြောကြားသည်။

ဖြစ်စဉ်မှာ မော်လမြိုင်အဆောင်နေသူများကို ချက်ပြုတ်ကျွေးမွေးမှုတာဝန်ခံ ဒေါ်အေးအေးစိုးထံတွင် ချက်ပြုတ်ရန် လစာဖြင့် လုပ်ကိုင်နေသူ မခင်ခင်ထွန်း (၁၄ နှစ်) ကို ဒီဇင်ဘာ ၁၅၊ ၁၆ တွင် အခန်းတွင်းထားရှိသော လိမ္မော်သီး ပျောက်သည်ဟုဆိုကာ ဒေါ်အေးအေးစိုး (၄၀ နှစ်) က ရေနွေးပူဖြင့်လောင်းရာ အော်သည့်အတွက် ထင်းခြမ်းဖြင့်ရိုက်ကြောင်း၊ သုံးရက်ခန့်အကြာတွင် မော်လမြိုင်တောင်ဝိုင်း အရေပြားဆေးရုံတွင် ကုသနေစဉ် ဆေးရုံသို့ဝင်ထွက်နေသော CSO အချို့ တွေ့ရှိစုံစမ်းပြီး ဖြစ်စဉ်သိရှိကာ အုပ်ထိန်းသူ (အကြီး) ဒေါ်လှကြည် (ခ) ဒေါ်ပု၊ မြိုင်သာယာရပ်ကွက်နေသူထံ သွားရောက်ပြီး ဖြစ်စဉ်တို့ကိုပြောဆို၍ မုပွန်ရဲစခန်းသို့ သွားရောက် တိုင်ကြားမှုကြောင့် ရဲဆေးစာအရ မော်လမြိုင် အထွေထွေရောဂါကုဆေးရုံသို့ ဒီဇင်ဘာ ၂၇ ရက်တွင် လွှဲပြောင်းကုသခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်တွင် ဆေးရုံမှဆင်းပြီး မော်လမြိုင်မြို့နယ် တရားရုံးသို့ ဇန်န၀ါရီ ၅ ရက်တွင် တရားစွဲဆို တင်ပို့ခဲ့သည်။

Writer: 
မောင်မောင်ရွှေမြိုင်