လှိုင်သာယာမြို့နယ်တွင် အမျိုးသားနှစ်ဦး ဇယ်တောက်ခုံ ကြည့်သည့်နေရာလုရင်း စကားများရာမှ ဓားထိုးမှုဖြစ်ပွား

လှိုင်သာယာမြို့နယ်တွင် အမျိုးသားနှစ်ဦး ဇယ်တောက်ခုံ ကြည့်သည့်နေရာလုရင်း စကားများရာမှ ဓားထိုးမှုဖြစ်ပွား
Published 6 February 2018

လှိုင်သာယာမြို့နယ်တွင် အမျိုးသားနှစ်ဦး ဇယ်တောက်ခုံကြည့်သည့်နေရာလုရင်း  စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးမှု ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် (၂၀) ရပ်ကွက်တွင်နေထိုင်သည့် ဒေါ်.....(၄၇ နှစ်) သည် ဖေဖော်ဝါရီ ၄ ရက် ညနေ ၃ နာရီ ခန့်က (၂၀) ရပ်ကွက် ဈေးသစ်တွင် ဈေးရောင်းနေစဉ် အဆိုပါဈေးအတွင်း ပျံကျဈေးတန်းတွင် စကားများရန်ဖြစ်နေသည်ကို တွေ့ရသဖြင့် သွားရောက်ကြည့်ရှုရာ ယင်းနေရာ၌ ၎င်း၏တူဖြစ်သူ ကို.....(၂၀ နှစ်) မှာ ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် မေးမြန်းခဲ့ကြောင်း သိရသည်။

မေးမြန်းရာ ကို....(၂၀ နှစ်) မှာ အဆိုပါ ပျံကျဈေးတန်းနေရာ၌ ကစားနေသည့် ဇယ်တောက်ခုံအား ကြည့်နေရာမှ ကိုထက်ဆိုသူ နှင့် နေရာလုရင်း စကားများရန်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ စကားများနေသဖြင့် ပတ်ဝန်းကျင်မှ လူများက ဝင်ရောက်ဖျန်ဖြေခဲ့သဖြင့် ပြီးသွား ချိန်တွင် ကို.....(၂၀ နှစ်) က ဇယ်တောက်ခုံ အား ဆက်ကြည့်နေခဲ့ကြောင်း သိရသည်။

ထိုသို့ ဆက်၍ကြည့်နေစဉ် ကိုထက်ဆိုသူက ၎င်းတွင်အသင့်ယူဆောင်လာသည့် ဓားဖြင့် ကို....(၂၀ နှစ်) အား ဝင်ရောက်ထိုးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ဓားဖြင့်အထိုးခံခဲ့ရသဖြင့် ကို......(၂၀ နှစ်) မှာ ဝဲရင်ဘတ်ဘက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိကာ လှိုင်သာယာဆေးရုံမှတစ် ဆင့် ရန်ကုန်ဆေးရုံကြီးသို့ (စိုးရိမ်ရ) လူနာ အဖြစ် တင်ပို့ကုသထားရကြောင်း သိရသည်။

“ဓားနဲ့အထိုးခံရတဲ့လူနာကတော့ အခု ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေဆဲပါ။ ကျူးလွန်သူကတော့ ထွက်ပြေးနေတယ်။ သူဘယ်သူလဲဆိုတာတော့ သိတာပေါ့နော်။ ဒါပေမဲ့ အခုထွက်ပြေးနေတော့ လိုက်ဖမ်းနေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။