ဒဂုံမြောက်မြို့နယ်တွင် စက်ဘီးစီးနေသည့် အမျိုးသမီးတစ်ဦး၏ လက်ကိုင်ဖုန်းအား ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးက လုယက်မှုဖြစ်ပွား

ဒဂုံမြောက်မြို့နယ်တွင် စက်ဘီးစီးနေသည့် အမျိုးသမီးတစ်ဦး၏ လက်ကိုင်ဖုန်းအား ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးက လုယက်မှုဖြစ်ပွား
Published 27 January 2018

ဒဂုံမြောက်မြို့နယ်တွင် စက်ဘီးစီးနင်းနေသည့် အမျိုးသမီးတစ်ဦး၏ လက်ကိုင်ဖုန်းအား အမျိုးသားနှစ်ဦးက ဆိုင်ကယ်စီးပြီး လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ဇန်နဝါရီ  ၂၆ ရက်တွင် စုံစမ်းသိရသည်။

ဒဂုံမြောက်မြို့နယ် ၄၇ ရပ်ကွက်နေ မ... (၂၆နှစ်) သည် အစ်မဖြစ်သူနှင့်အတူ ဇန်နဝါရီ ၂၅ ရက် ည ၈ နာရီတွင် ယင်းမြို့နယ်၊ ၄၆ ရပ်ကွက်ရှိ Gym (အားကစားခန်းမ) မှ စက်ဘီးစီးပြီး ပြန်လာခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြန်လာစဉ် အဆိုပါ Gym (အားကစားခန်းမ) အကျော် အရောက်တွင် ဆိုင်ကယ်တစ်စီးက အနောက်သို့ ရောက်လာကာ မ....(၂၆နှစ်) လွယ်ထားသည့် Iphone 7plus အမျိုးအစား လက်ကိုင်ဖုန်း ထည့်ထားသည့် အိတ်အား လုယူထွက်ပြေးခဲ့ကြောင်း သိရသည်။

“အစ်မနဲ့ Gym ကနေ ပြန်လာတာ။ တစ်ယောက်ကို စက်ဘီးတစ်စီးစီနဲ့။ Gym က ထွက်လာတော့ ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသားနှစ်ဦးကို တွေ့တယ်။ Gym ကျော်ကျော်လည်း ရောက်ရော အဲဒီဆိုင်ကယ်က အနောက်က မောင်းလာတယ်။ အစက တိုက်မိမလိုဖြစ်လို့ ရှောင်ပေးထားတာ။ ဒါပေမဲ့ ဆိုင်ကယ်စီးလာတဲ့သူက ကျွန်မလွယ်ထားတဲ့ အိတ်လေးကို လုယူသွားတယ်။ အိတ်ထဲမှာက ဖုန်းတစ်လုံးပဲ ပါတာပါ” ဟု ဖုန်းအလုခံရသည့် မ .....(၂၆)နှစ်က ပြောကြားသည်။

လုယက်ခဲ့သည့် ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦးမှာ လူငယ်ပိုင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာမှာ မီးမှောင်ပြီး လူအသွားအလာ နည်းကြောင်း သိရသည်။

“ဖြစ်တဲ့နေရာက မီးနည်းနည်းမှောင်တယ်။ ကျွန်မလည်း အလုခံရတော့ ဘေးပတ်ဝန်းကျင်ကို အကူအညီ တောင်းတယ်။ ပြီးတော့ စက်ဘီးနဲ့လည်း သူတို့နောက်ကလိုက်တာ မမီတော့ဘူး။ ရဲစခန်းတော့ မတိုင်ရသေးပါဘူး။ ဒါပေမဲ့ သက်ဆိုင်တဲ့ နယ်ထိန်းကိုတော့ ကျွန်မ မိဘတွေက အကြောင်း ကြားထားတယ်” ဟု ဖုန်းအလုခံရသည့် မ.....(၂၆နှစ်) က ပြောကြားသည်။

ဖြစ်စဉ်မှ ကျူးလွန်သူအား သက်ဆိုင်ရာ ရဲစခန်းမှ ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။ ရန်ကုန်မြို့တွင် တရားမဝင် ဆိုင်ကယ်စီးနင်းမှု များပြားလာပြီး လုယက်မှုများတွင်လည်း ဆိုင်ကယ်များကို အသုံးပြုလျက်ရှိသည်။

 

Most Read

Most Recent