ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၂၀ ရပ်ကွက်တွင် ရဲတပ်ဖွဲ့က တရားခံပြေးအား ဖမ်းဆီးရာမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

ဒဂုံဆိပ်ကမ်း ကုလားဝဲ တံတားတွင် ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးနေသည်ကို ဖေဖော်ဝါရီ ၁၆ ရက် ည ၈ နာရီ မိနစ် ၃၀ ခန့်က တွေ့ရစဉ်

ရန်ကုန်တိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၂၀ ရပ်ကွက်တွင် ရဲတပ်ဖွဲ့က တရားခံပြေးအား ၀င်ရောက်ဖမ်းဆီးရာမှ ပြန်လည် ခုခံသဖြင့် သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်မှု ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းက  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၅ နာရီခွဲခန့် တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် တရားခံပြေးတစ်ဦးဖြစ်သူ နဂါးလေး (ခ) အောင်နိုင်မြင့် (၃၄ နှစ်)မှာ ဒဂုံ မြို့သစ် (တောင်ပိုင်း) မြို့နယ် ၂၀ ရပ်ကွက် လှော်ကားလမ်းနှင့် ဥဿဖယားလမ်းထောင့်ရှိ  ကားဝပ်ရှော့တစ်ခုသို့ ကားပြင်ရန် 5D - 3753 ပါဂျဲရိုး အမျိုးအစား ခဲရောင်ယာဉ်ဖြင့် ရောက် ရှိနေကြောင်း သတင်းရသဖြင့် သွားရောက် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းသို့ဖမ်းဆီးစဉ် နဂါးလေးမှာ ၎င်းစီးလာသည့်ယာဉ်ဖြင့် လာရောက် ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များ၏ ယာဉ်ကိုတိုက်ကာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း၊ ထွက်ပြေး တိမ်းရှောင်စဉ် နဂါးလေး၏ယာဉ်အား ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့သော်လည်း ၎င်းမှာ လွတ်မြောက် သွားခဲ့ကြောင်း သိရသည်။

“အမှုများစွာနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံပြေးအိမ်ကို တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့နဲ့ နယ်မြေခံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ညနေ ၆ နာရီကျော်မှာ ၀င်ရောက် ဖမ်းဆီးခဲ့တာပါ။ အဲဒီလို ဖမ်းဆီးတဲ့အခါမှာ တရားခံက ပြန်လည်ခုခံလို့ သေနတ် ပစ်ဖောက်ခြောက်လှန့် ခဲ့ရတယ်။ ပြီးတော့ အဲဒီတရားခံက ပါဂျဲရိုးကားနဲ့ ထွက်ပြေး လွတ်မြောက်သွားတယ်။ လမ်းမှာရှိတဲ့ ရဲတပ်ဖွဲ့ လုံခြုံရေးဆောင်ရွက်တဲ့ မီးတန်းယာဉ်တစ်စီးကိုလည်း ၀င်တိုက်သွားသေးတယ်။ လတ်တလော အခြေအနေက ဒဂုံဆိပ်ကမ်းဘက်ကို ထွက်ပြေး လွတ်မြောက်သွားတယ်။ ဒါကြောင့် ပိတ်ဆို့ဖမ်းဆီးမှုတွေ လုပ်ဆောင်နေဆဲပါ”  ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောကြားသည်။

ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ထွက်ပြေးသွားတဲ့ တရားခံက ကျွန်တော်တို့မြို့နယ်ထဲကို ရောက်လာတယ်လို့ သတင်း ရတယ်။ သူ့ကို မလွတ်အောင် မြို့ဝင်မြို့ထွက်တွေကအစ ပိတ်ဆို့ဖမ်းဆီးဖို့ လုပ်ဆောင်နေပါတယ်” ဟု ပြောကြားသည်။

“စတွေ့တာကတော့ ပါဂျဲရိုးကားက ၀ပ်ရှော့နားမှာ ရပ်ထားတဲ့အချိန်မှာ ရဲကားနှစ်စီး ရောက်လာတယ်။ အဲဒီအချိန်မှာပဲ ပါဂျဲရိုးကားက ရဲကားနှစ်စီးကို ၀င်တိုက်ပြီး မောင်း ထွက်ပြေးသွားတယ်။ မောင်းထွက်ပြေးတဲ့ အချိန်မှာ ရဲက အဲဒီ ပါဂျဲရိုးကားကို သေနတ်နဲ့ ပစ်လိုက်တယ်” ဟု အဆိုပါဖြစ်စဉ်အား မြင်တွေ့ခဲ့ရသူ တစ်ဦးက ပြောကြားသည်။

တရားခံပြေး နဂါးလေး (ခ) အောင်နိုင်မြင့် (၃၄ နှစ်) သည် ၂၀၁၆ ခုနှစ်အတွင်းက ဒဂုံ မြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းတွင် မယ (ပ) ၁၃/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ-၁၅/၁၉(က)/၂၁ /ကျင့် ၅၁၂ ဖြင့် အမှုဖွင့်ခံထားရသူဖြစ်ကြောင်း၊ ထို့ပြင် လမ်းမတော် မြို့မရဲစခန်း၌လည်း (ပ)၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၆/၃၂၃/၁၁၄/ကျင့် ၅၁၂ ဖြင့် အမှုဖွင့်ထားရသူ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် နဂါးလေး (ခ) အောင်နိုင်မြင့် (၃၄ နှစ်) အား ဖမ်းဆီးရမိနိုင်ရန် ၎င်းသွားလာတတ်သည့် နေရာများ၊ မြို့ အ၀င်အထွက်ဂိတ်များ၊ စစ်ဆေးရေး ဂိတ်များကို သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့အချင်းချင်း ချိတ်ဆက်ကာ လိုက်လံ ပိတ်ဆို့ ရှာဖွေနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသူမှာ အမှုများစွာဖြင့် ရဲတပ်ဖွဲ့မှ အလိုရှိနေသော နဂါးလေး ဆိုသူဖြစ်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၂၀ ရပ်ကွက် အောင်သိဒ္ဓိ (၁) လမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။