မာရသွန်ပြေးနေသည့် အပြေးသမားတစ်ဦး ပြေးနေစဉ် ယာဉ်တိုက်ခံရ

မာရသွန်ပြေးနေသည့် အပြေးသမားတစ်ဦး ပြေးနေစဉ် ယာဉ်တိုက်ခံရ
Published 5 January 2018

မန္တလေးမြို့တွင် နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲတွင် မာရသွန်ပြေးနေသည့် အပြေးသမားတစ်ဦး ပြေးနေစဉ် ယာဉ်တိုက်ခံရမှု ဇန်နဝါရီ ၄ ရက် နံနက်ပိုင်း ၈ နာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းမြသာစည်မြို့နယ် ၆၈ လမ်း ငုရွှေဝါလမ်းနှင့် သရဖီလမ်းကြားတွင် ၆၈ လမ်းအတိုင်း တောင်မှမြောက်သို့ အသက် ၁၉ နှစ် အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသည့်  YGN 2J/---- Honda Fit အပြာရောင်ယာဉ်သည် မန္တလာသီရိဘောလုံးကွင်း ဝင်/ထွက် ပေါက်ရှေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လားရားတူ ၎င်းရှေ့တွင်ရှိသည့် မာရသွန်ပြေးနေသည့် အပြေးသမား အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦး (အားကစားသမား မန္တလေး အားကစားသိပ္ပံဝင်းအတွင်းနေသူ) အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း ရဲစစ်ချက်အရ သိရသည်။

ယာဉ်တိုက်မှုကြောင့် အပြေးသမားဖြစ်သူမှာ ယာတင်ပါးဆုံ ပွန်း ဒဏ်ရာရရှိခဲ့သောကြောင့် မန္တလေးဆေးရုံကြီးသို့တင်ပို့ခဲ့ရာ အတွင်းလူနာအဖြစ်ကုသနေပြီး မစိုးရိမ်ရကြောင်း သိရသည်။

ယာဉ်တိုက်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ချမ်းမြသာစည်မြို့နယ်ရှိ အမှတ် (၁၁)နယ်မြေရဲ စခန်းမှ ယာဉ်မောင်းဖြစ်သူအား ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၃၇ အရ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent