စဉ့်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ

စဉ့်ကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ
Published 5 January 2018

စဉ့်ကူးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးမှ စဉ့်ကူးမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ ကားနှင့် ဆိုင်ကယ်တိုက်မှု ဇန်နဝါရီ ၄ ရက် နံနက်က ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းနှင်လာသူဘက်မှ တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရသည့်ဒဏ်ရာများ ရရှိထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ စဉ့်ကူး-လက်ပန်လှသွား ကားလမ်း မိုင်တိုင်အမှတ်(၃/၁)၊ မင်းကြီးကုန်းကျေးရွားအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ပန်လှမှ စဉ့်ကူးသို့ မောင်းနှင်လာသည့် Toyota Belta အဖြူ ရောင်ယာဉ်နှင့် စဉ့်ကူးမှ လက်ပန်လှသို့ မောင်းနှင်လာသည့်ဆိုင်ကယ်တို့ တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် ကောင်းထက်(၁၆ နှစ်)မှာ နဖူးပေါက်ပြဲဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာ၊ မေးစေ့ စသည်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး နောက်မှ ထိုင်လိုက်လာသည့် ဦးနိုင်ဝင်း (၅၂ နှစ်) မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်မောင်းနှင်သူ ကောင်းထက်မှာလည်း ဒဏ်ရာပြင်းထန်သဖြင့် မန္တလေး ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိ ရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စဉ့်ကူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်ထွန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ဥပဒေအတိုင်း အမှုဖွင့်ဆောင်ရွက်ထားပါတယ်။ ကျန်တာ သိချင်ရင် တိုင်းရဲရုံးမေးမြန်းပါ” ဟု ဖြေကြား ခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ကားကို မောင်းနှင်လာသူ  စဉ့်ကူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်နှင့် ဆိုင်ကယ်မောင်းနှင်လာသူ ကောင်းထက်တို့အား လက်ပန်လှရဲစခန်းမှူး ရဲအုပ်ကျော်ခိုင်မိုးက တရားလိုပြုလုပ်ကာ ယာဉ်(ပ)၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

Most Read

Most Recent