နှစ်သစ်ကူးနေ့တွင် သေဆုံးခဲ့သည့် ဟာသသရုပ်ဆောင် အောင်ရဲထွေးအား ဝိုင်းဝန်းရိုက်နှက် ကန်ကျောက်သူ သုံးဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

နှစ်သစ်ကူးနေ့တွင် သေဆုံးခဲ့သည့် ဟာသသရုပ်ဆောင် အောင်ရဲထွေးအား ဝိုင်းဝန်းရိုက်နှက် ကန်ကျောက်သူ သုံးဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်
Published 4 January 2018

နှစ်သစ်ကူးနေ့တွင် သေဆုံးခဲ့သည့် ဟာသသရုပ်ဆောင် အောင်ရဲထွေးအား ဝိုင်းဝန်းရိုက်နှက် ကန်ကျောက်ခဲ့သူ သုံးဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဇန်နဝါရီ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဟာသဗီဒီယိုများ သရုပ်ဆောင်၍ ရိုက်ကူးပြီး  Facebook ပေါ်တွင်တင်ရာမှ လူသိများလာသည့် ဟာသသရုပ်ဆောင် အောင်ရဲထွေးမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်(နှစ်သစ်ကူးနေ့) နံနက် ၄ နာရီ ခန့်တွင် ရည်းစားဖြစ်သူနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေး လမ်းရှိ The One Entertainment ဝင်းအတွင်းပြုလုပ်သော ပါတီပွဲသို့ ရောက်ရှိစဉ် လူတစ်စုက ဝိုင်းဝန်း ထိုးကြိတ် ကန်ကျောက်ခဲ့မှုကြောင့် သရုပ်ဆောင် အောင်ရဲထွေးမှာ ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၂နာရီခန့် တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို သရုပ်ဆောင် အောင်ရဲထွေး၏ အစ်ကိုဖြစ်သူက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ပြီး ရဲစခန်းက အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းခဲ့ကြောင်း သိရသည်။

ယင်းသို့ စုံစမ်းဆောင်ရွက်ရာ ကျူးလွန်သူများထဲတွင် သန်းထွဋ်အောင်(ခ)သားကြီးဆိုသူ ပါဝင်ကြောင်းသိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၎င်း၏ဖခင်ဖြစ်သူက ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက်ပို့အပ်သဖြင့် သန်းထွဋ်အောင်ကို ဖမ်းဆီး၍ စစ်ဆေးခဲ့ကြောင်းသိရသည်။

စစ်ဆေးစဉ် ၎င်း၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းနေ ပြည့်ဖြိုးအောင်(ခ)အောင်လေး နှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန်(ခ)ကျော်ဇောတို့ အတူပါဝင်ကြောင်း သိရပြီး ၎င်းတို့သုံးဦးသည် The One Entertainment ဝင်းအတွင်းပြုလုပ်သော ပါတီပွဲသို့ ရောက်ရှိစဉ် VVIP စင်ပေါ်၌ ကခုန်နေသည့် အမျိုးသားမှာ ၎င်းတို့နှင့် ယခင်က ခိုက်ရန် ဖြစ်ဖူးသူ တစ်ဦးဖြစ်ကြောင်းသိရပြီး ဒေါသဖြစ်ကာ စင်ပေါ်သို့တက်၍ ဝိုင်းဝန်းထိုးကြိတ် ကန်ကျောက်စဉ် အဆိုပါ အမျိုးသားမှာ လဲကျသွားခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

အဆိုပါကဲ့သို့ ကျူးလွန်ရာ ပါဝင်သည့် ပြည်ဖြိုးအောင်(၂၆) နှစ်ဆိုသူကို မိခင်ဖြစ်သူက ဇန်နဝါရီ ၃ ရက် ညပိုင်းတွင်လည်းကောင်း၊ ကျော်ဇောဟန်(ခ)ကျော်ဇောကို ၎င်း၏ မိဘများက ဇန်နဝါရီ ၄ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ရဲစခန်းသို့ လာရောက်ပို့အပ်သဖြင့် ဖမ်းဆီးပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“ဟုတ်ပါတယ်။ အမှုမှာ ပါဝင်တဲ့ ပထမဆုံး ဖမ်းဆီးတဲ့ ကျူးလွန်သူ ထွက်ဆိုချက်အရ ကျူးလွန်တဲ့အထဲမှာ ပါဝင်တဲ့ ကျန်နှစ်ဦးကို ဖမ်းဆီး ရမိပါပြီ။ ဖမ်းဆီး ထားတာက စုစုပေါင်း ကျူးလွန်သူ သုံးဦးပေါ့။ သူတို့သုံးဦးကိုတော့ လက်ရှိ ဆက်လက် စစ်ဆေးနေဆဲပါ”ဟု သုဝဏ္ဏနယ်မြေရဲစခန်းက ရဲအရာရှိတစ်ဦးက ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို သုဝဏ္ဏနယ်မြေရဲစခန်းက (ပ)၅/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ဖြင့် အမှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent