မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း အတွင်းတွင် ယာဉ်တစ်စီးက လာပစ်သွားသည်ဟု ယူဆရသည့် ဒဏ်ရာများ ရရှိထားသော အမျိုးသား တစ်ဦးအား တွေ့ရှိ

မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း အတွင်းတွင် ယာဉ်တစ်စီးက လာပစ်သွားသည်ဟု ယူဆရသည့် ဒဏ်ရာများ ရရှိထားသော အမျိုးသား တစ်ဦးအား တွေ့ရှိ
Published 3 January 2018

ဒဏ်ရာများဖြင့် လဲကျနေသည့် အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးအား မဇ္ဈိမ လူမှုကယ်ဆယ်ရေး မြောက်ပိုင်း အခြေပြုအဖွဲ့မှ ကူညီမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-မဇ္ဈိမ လူမှုကယ်ဆယ်ရေး မြောက်ပိုင်း အခြေပြုအဖွဲ့)

မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်းတွင် ယာဉ်တစ်စီးက လာပစ်သွားသည်ဟု ယူဆရသည့်  ဒဏ်ရာများ ရရှိထားသော အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ကြောင်း ဇန်နဝါရီ ၂ ရက်တွင် မြောက်ပိုင်းခရိုင်ရဲ တပ်ဖွဲ့မှ စုံစမ်း သိရှိရသည်။

ဇန်နဝါရီ ၁ ရက် ညနေ ၆ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း R1 လမ်းဘေးတွင် အမျိုးသားတစ်ဦး ဒဏ်ရာများ ရရှိကာ လဲကျနေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ အသက် ၄၀ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးအား တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းအမျိုးသားမှာ ဦးခေါင်းငယ်ထိပ်သုံးချက်၊ ဖူးရောင်သွေးထွက်၊ ဝမ်းဗိုက်ချက်အပေါ် ထိုးသွင်းအပေါက်ငယ် တစ်ချက်နှင့် ခြေထောက်များ စုတ်ပြဲဒဏ်ရာများ ရရှိကာ လမ်းဘေး၌ လဲကျနေကြောင်း သိရသည်။

“အမျိုးသားက ဦးခေါင်းရယ်၊ ချက်အပေါ်နားမှာ ချွန်ထက်တဲ့ အရာတစ်ခုနဲ့ ထိုးသွင်းဒဏ်ရာ တစ်ချက်ရယ်ရရှိပြီး လဲကျနေတယ်ဆိုတာ သိရလို့ ကျွန်တော်တို့ မဇ္ဈိမ လူမှုကယ်ဆယ်ရေး မြောက်ပိုင်းအခြေပြုအဖွဲ့က နေပြီးတော့ သွားရောက်ပြီး ကူညီကယ်ဆယ်ကာ ဆေးရုံကို ပို့ဆောင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ရောက်တုန်းက လူနာက တစ်ကိုယ်လုံး တုန်နေတယ်။ ဘေးပတ်ဝန်းကျင် ပြောတာနဲ့ သိရသလောက်ကတော့ ကားပေါ်ကနေ လာပစ်သွားတယ်လို့ ကြားတယ်။ အဲဒီနေရာကလည်း ကွေ့ကြောဖြစ်ပြီး လူသိပ်မမြင်ရပါဘူး” ဟု ဒဏ်ရာရ လူနာအား ကူညီကယ်ဆယ်ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် မဇ္ဈိမ လူမှုကယ်ဆယ်ရေး မြောက်ပိုင်းအခြေပြုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဒဏ်ရာရရှိထားသည့် အမျိုးသားအား မြောက်ဥက္ကလာပဆေးရုံ၌ တင်ပို့ကုသထားပြီး လက်ရှိအချိန်တွင် ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်းထိ မေ့မြောနေကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ မနေ့က သတင်းရလို့ တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးတဲ့အခါမှာ ဒဏ်ရာတွေနဲ့ မေ့မြောနေတဲ့ အသက်လေးဆယ်အရွယ် အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့် စကားပြောနိုင်ခြင်း မရှိသေးပါဘူး။ အမှုဖွင့် အရေးယူနိုင်ဖို့အတွက် ကျွန်တော်တို့ ဆက်လက်စစ်ဆေး ဆောင်ရွက်နေပါတယ်” ဟု မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဒဏ်ရာများ ရရှိခဲ့သည့် အမျိုးသားမှာ ကြည့်မြင့်တိုင် တစ်ဖက်ကမ်းတွင် နေထိုင်သည်ဟု ကနဦး စစ်ဆေးချက်အရ သိရှိရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား မင်္ဂလာဒုံမြို့မရဲစခန်းမှ အမှုဖွင့်ရန် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent