ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်သစ်ကူးည၌ လူသတ်မှုနှစ်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်သစ်ကူးည၌ လူသတ်မှုနှစ်မှုဖြစ်ပွား
Published 2 January 2018

ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်သစ်ကူးည၌ လူသတ်မှုနှစ်မှုဖြစ်ပွားခဲ့ကြောင်း ဇန်နဝါရီ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဖြစ်ပွားခဲ့သည့် လူသတ်မှုနှစ်မှုမှာ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် လှိုင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၁၀ နာရီခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် သာယာကုန်းရပ်ကွက် စည်ပင်ဝန်ထမ်းလိုင်းနေ ဒေါ်.....(၃၀ နှစ်)သည် နေအိမ်လိုင်းခန်း၌ ရှိနေစဉ် ခင်ပွန်းဖြစ်သူ ကို...(၃၅ နှစ်)မှာ နေ အိမ်သို့ပြန်လာခဲ့ကြောင်း၊ ယင်းသို့ပြန်လာစဉ် ကို...(၃၅ နှစ်) ၏ နေအိမ်လိုင်းခန်းအနီးတွင် အရက်ဝိုင်းဖွဲ့သောက်နေသူများအား ၎င်းက ခိုက်ရန် မဖြစ်ပွားရန်ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့ပြောဆိုစဉ် အရက်ဝိုင်းမှ မျိုးသူ ဝင်း(၁၉ နှစ်)က ကို....(၃၅ နှစ်)အား “မင်း က ဆရာကြီးလား၊ ဘာကောင်လဲ” ဟု ပြောဆိုသဖြင့် ရန်ဖြစ်ခဲ့ကြောင်း သိရသည်။

စကားများရန်ဖြစ်စဉ် မျိုးသူဝင်း (၁၉ နှစ်)က ကို....(၃၅ နှစ်) အား ဘီယာပုလင်းကွဲ ဖြင့် ထိုးခဲ့ကြောင်း၊ ထို့ပြင် ဝင်ရောက်ဖျန်ဖြေ သည့် ဒေါ်...(၃၀ နှစ်) အား မျိုးသူဝင်း(၁၉ နှစ်)နှင့် ၎င်း၏ အဒေါ်ဖြစ်သူ ဒေါ်တင်တင်ဝင်းတို့က ဓားဖြင့် ထိုးခဲ့ကြောင်း သိရသည်။

ဘီယာပုလင်းကွဲဖြင့် ထိုးခံရသဖြင့် ကို... (၃၅ နှစ်)မှာ ဝဲညှပ်ရိုးပေါ်ပြတ်ရှ၊ ရင်ဘတ်ယာ ခြမ်း ထိုးသွင်းဒဏ်ရာများရရှိပြီး ရန်ကုန်ပြည် သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားပြီး ဓားဖြင့်အထိုးခံရသည့် ဒေါ်....(၃၀ နှစ်) မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိသဖြင့် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ဘီယာပုလင်းကွဲ၊ ဓား ဖြင့်ထိုးသူ မျိုးသူဝင်း နှင့် ၎င်း၏ အဒေါ်ဖြစ်သူ ဒေါ်တင်တင်ဝင်းတို့အား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက (ပ)၇၄၂/၂၀၁၇၊ ရာဇသတ် ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီခန့်တွင် လှိုင်မြို့နယ် (၁၆)ရပ်ကွက်ရှိ ကားရေဆေး အလုပ်သမားများသည် ၎င်းတို့ ၏ဆိုင်အပေါ်ထပ်၌ ဝိုင်းဖွဲ့ကာ အရက်ထိုင် သောက်နေစဉ် ရဲလင်း(၂၄ နှစ်)နှင့် မျိုးသီဟ (၂၄ နှစ်) မှာ တစ်ဦးနှင့် တစ်ဦး စနောက်ရာမှ စကားများခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့နှစ်ဦးစလုံးမှာ ဆိုင်အောက်ထပ်၌ ဆက်လက်စကားများ ရန်ဖြစ်စဉ် ရဲလင်းက မျိုးသီဟအားဓားဖြင့် ထိုးခဲ့ကြောင်း သိရသည်။

ဓားဖြင့်ထိုးပြီးနောက်တွင် ရဲလင်းမှာ ထွက်ပြေးသွားခဲ့ပြီး မျိုးသီဟမှာ ဓားဖြင့်အထိုးခံရသဖြင့် ဝမ်းဗိုက်ယာဘေး ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာ အင်းစိန်ဆေးရုံ၌ ဆေးကုသမှု ခံယူစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား လှိုင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ရဲလင်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent