၂၂ ဘီး တွဲကားတစ်စီး ဂုတ်တွင်းချောက်အတွင်း ထိုးကျ တိမ်းမှောက်မှုဖြစ်ပြီး တစ်ဦးသေဆုံး

၂၂ ဘီး တွဲကားတစ်စီး ဂုတ်တွင်းချောက်အတွင်း ထိုးကျ တိမ်းမှောက်မှုဖြစ်ပြီး တစ်ဦးသေဆုံး
Published 30 December 2017

မန္တလေး- လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းတွင် ဒီဇင်ဘာလ ၃၀ ရက် (ယနေ့) နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ၂၂ ဘီးတွဲကားတစ်စီး ချောက်အတွင်းသို့ ထိုးကျကာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူဆယ်ဘက်အခြမ်းမှာ မောင်းနှင်လာသော ၂၂ ဘီး တွဲကားတစ်စီးသည် ကျောက်မဲမြို့ နှင့် နောင်ချိုမြို့ကြားရှိ ဂုတ်တွင်းလမ်း မိုင်တိုင်အမှတ် ၈၃ အနီးတွင် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ကိုဇော်ဝင်းရှိန်မှာ ဖြစ်စဉ်ဖြစ်ပွားသည့်နေရာတွင် သေဆုံးပြီး ယာဉ်နောက်လိုက်ဖြစ်သူ ကိုဖုန်းနိုင် မှာ မည်သည့်ဒဏ်ရာမှ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

“ ချောက်ထဲကျသွားတဲ့ ၂၂ ဘီး တွဲကားယာဉ်က မူဆယ်ဘက်အခြမ်းကနေ လာတာပါ။ ချောက်ထဲကျပြီး တိမ်းမှောက်သွားတဲ့နေရာက လမ်းကနည်းနည်းကျဉ်းတယ်။ ဖြစ်စဉ်က အခုတိမ်းမှောက်တဲ့ ၂၂ ဘီးရဲ့ မျက်နှာချင်းဆိုင်ဘက်ကနေ ၁၂ ဘီးကားတစ်စီးက တက်လာတာကို ရှောင်တိမ်းရင်း ချောက်ထဲထိုးကျသွားတယ်လို့ ယာဉ်နောက်လိုက်က ပြောပါတယ်။ ယာဉ်နောက်လိုက်ကတော့ ဘာမှမဖြစ်ပါဘူး။ ယာဉ်မောင်းကတော့ ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာမှာပဲ သေဆုံးသွားပါတယ်။ ချောက်အနက်ကတော့ ပေ ၁၅၀ လောက်နက်ပါတယ်။” ဟု အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူအား သွားရောက်သယ်ဆောင်ပေးခဲ့သည့် နောင်ပိန်ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းမှ ဦးနေအောင်ကပြောသည်။

ယာဉ်တိမ်းမှောက်မှုအား နောင်ပိန်ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း၊ နောင်ပိန်မီးသတ်တပ်ဖွဲ့၊ ဂုတ်တွင်းလမ်းမှ ရဲတပ်ဖွဲ့ဝင်များက သေဆုံးသူအား ချောက်အတွင်းမှလမ်းမကြီးပေါ်သို့ ခဲရာခဲဆစ် သယ်ဆောင်ခဲ့ကြရကြောင်း သိရသည်။

Most Read

Most Recent