လောင်းလုံးမြို့နယ် ဆေးရုံကြီးဝင်းအတွင်း ဆရာဝန်နေအိမ်လိုင်းခန်း၌ ဆရာဝန်တစ်ဦး ဆွဲကြိုးချသေဆုံး

လောင်းလုံးမြို့နယ် ဆေးရုံကြီးဝင်းအတွင်း ဆရာဝန်နေအိမ်လိုင်းခန်း၌ ဆရာဝန်တစ်ဦး ဆွဲကြိုးချသေဆုံး
Published 29 December 2017

တနသာၤရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဆေးရုံကြီးဝင်းအတွင်း ဆရာဝန်နေအိမ်လိုင်းခန်း၌ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ဆရာဝန်တစ်ဦး ဆွဲကြိုးချ သေဆုံးမှုဖြစ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် လောင်းလုံးမြို့ (က) ရပ်ကွက်ရှိ လောင်းလုံးမြို့နယ် ဆေးရုံဝင်းအတွင်းရှိ နေအိမ်လိုင်းခန်း အတွင်း၌ လောင်းလုံးမြို့နယ် ကဒက်ကြီး ကျေးရွာဇာတိဖြစ်သော ဒေါက်တာနိုင်နိုင်ထွန်း (၂၉ နှစ်) ဆမ-၃၈၃၃၀ မှာ နေအိမ်ကြမ်းခင်းမှ အမြင့် ၁၂ ပေခန့်ရှိ ၎င်းနေအိမ် လိုင်းခန်းအလယ်ဝင်ပေါက်အပေါ် ဘောင်တန်းအား သုံးမူးလုံးခန့်ရှိ အဖြူရောင်ပလတ်စတစ် နိုင်လွန်ကြိုးဖြင့် ချည်နှောင်၍ လည်ပင်းတွင် ကြိုးတန်းလန်းဖြင့် ဆွဲကြိုးချသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ ၎င်းနေအိမ်အတွင်း သက်သေများဖြင့် ရှာဖွေရာ ဒိုင်ယာရီစာအုပ်ငယ်အတွင်း၌ ၂၀၁၇ ဒီဇင်ဘာ ၂၅ ရက်စွဲဖြင့် လက်မှတ်ရေးထိုးထားသည့် စာရွက်အပြင် အခြားရေးသားထားသည့် စာရွက်များအား တွေ့ရှိသိမ်းဆည်းခဲ့ပြီး ဒေါက်တာနိုင်နိုင်ထွန်း၏ အလောင်းကို မှုခင်းဆေးစာဖြင့် ဆေးရုံကြီးသို့ ပေးပို့ထားရှိခဲ့သည်ဟု သိရသည်။

“သူ့ဟာသူ ဆွဲကြိုးချသေသွားတာပါ။ သေမှုသေခင်း ဖွင့်ထားတယ်။ လက်ရှိစစ်ဆေးချက်အရ ဆေးရုံက စာတော့မထွက်လာသေးဘူး။ ဒါပေမဲ့ အပြင်ပန်းကြည့်ရတာကတော့ လျှာထွက်နေတယ်။ လည်ပင်းကြိုးဆွဲထားတဲ့အတွက် ဆွဲကြိုးချသေတာ သေချာတယ်။ နောက်ပြီး သူ့ဒိုင်ယာရီထဲမှာလည်း သူသေတော့မယ်ဆိုတာ ရေးထားတယ်။ သူ့အတွက် သြင်္ဂိုဟ်ဖို့ စရိတ်တွေလည်း သေတ္တာထဲ ထည့်ထားခဲ့တယ်လို့ရေးထားခဲ့တယ်။ သူ့မှာ စိတ်ကျရောဂါ ရှိနေလားဆိုတာကတော့ မသိဘူး။ စိတ်ကျရောဂါတို့ဘာတို့ရှိနေရင်တော့ ခန့်မှန်းရခက်တယ်။ အဲဒီဆရာဝန်က ကျောင်းတက်တုန်းက တစ်ခါကြောင်ပြီးတော့ အိမ်ပြန်လာခဲ့ဖူးတယ်လို့ပြောတယ်။ လောလောဆယ်တော့ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေတယ်။ သေရတဲ့ အကြောင်းအရင်းကတော့ အပြင်ပန်းကြည့်ရတာက ဆွဲကြိုးချသေတာ” ဟု လောင်းလုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဝင်းက ပြောကြားသည်။

လက်ရှိတွင် ဒေါက်တာနိုင်နိုင်ထွန်း သေဆုံးမှုနှင့်ပတ်သက်၍ လောင်းလုံးမြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် (၁၈/၂၀၁၇) ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent