နေပြည်တော် လယ်ဝေး၌ အမျိုးသမီးငယ် တစ်ဦးကို အထည်ဆိုင်တွင် အလုပ်ရမည်ဟု စည်းရုံး၍ တရုတ်မယားအဖြစ် ရောင်းစားသူ သုံးဦးအား အမှုဖွင့်

နေပြည်တော် လယ်ဝေး၌ အမျိုးသမီးငယ် တစ်ဦးကို အထည်ဆိုင်တွင် အလုပ်ရမည်ဟု စည်းရုံး၍ တရုတ်မယားအဖြစ် ရောင်းစားသူ သုံးဦးအား အမှုဖွင့်
Published 28 December 2017

နေပြည်တော် လယ်ဝေးမြို့နယ် ပင်သောင်ကျေးရွာမှ အမျိုးသမီး တစ်ဦးအား မူဆယ်မြို့ရှိ အထည်ဆိုင်တွင် အလုပ်ရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်ကာ တရုတ်မယားအဖြစ် ရောင်းစားခဲ့သူ သုံးဦးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ပင်သောင်ကျေးရွာရှိ အမျိုးသမီးငယ်များအား မူဆယ်မြို့ အထည်ဆိုင်တွင် တစ်လကျပ်တစ်သိန်းခွဲဖြင့် အလုပ်ရမည်ဟု စည်းရုံး၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူ အောင်လံမြို့ ဝမ်ချောင်ရပ်ကွက်နေ ဒေါ်တင်တင်ခိုင်ဆိုသူ ရောက်ရှိနေသည်ဟု ပင်သောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့က နေပြည်တော်၊ အမှတ် (၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုသို့ သတင်းပေးခဲ့ကြောင်း သိရသည်။

ထို့အတွက် ရဲအရာရှိများက သွားရောက်တွေ့ဆုံမေးမြန်းရာ ဒေါ်တင်တင်ခိုင်သည် ရွှေလီမြို့၊ သိုဟုန်းရှမ်းရွာနေ ဒေါ်ခင်မာလာသိန်း (ခ) ဒေါ်နွယ်နီခိုင်နှင့် သိကျွမ်းခဲ့ပြီး အလုပ်သမား ရှာခိုင်းခဲ့ကြောင်း၊ ဒေါ်တင်တင်ခိုင်က ၎င်းနှင့်ခင်မင်ရင်းနှီးသူ ဇေယျာသီရိမြို့နယ် လျှပ်စစ်လမ်းခွဲနေ ကိုကျော်မင်းဦးအား ထပ်ဆင့် အလုပ်သမား ရှာခိုင်းခဲ့ရာ ကျော်မင်းဦးက လယ်ဝေးမြို့နယ် ပင်သောင်ကျေးရွာနေ မ-- အား မူဆယ်မြို့သို့ ခေါ်ဆောင်လာခဲ့ကြောင်း၊ ဒေါ်တင်တင်ခိုင်က ရွှေလီမြို့နေ ဒေါ်ခင်မာလာသိန်းထံ ထပ်မံပို့ဆောင်ပြီး နောက်အမျိုးသမီးငယ်အား ဒေါ်ခင်မာလာသိန်းက တရုတ်အမျိုးသား တစ်ဦးထံ ပို့ဆောင်ရောင်းစားခဲ့ကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ရောင်းစားခဲ့ပြီး ဒေါ်ခင်မာလာသိန်းက ဒေါ်တင်တင်ခိုင်နှင့် ကိုကျော်မင်းဦးတို့အား ကျပ်လေးသိန်းစီပေးကာ အမျိုးသမီးငယ်၏ မိဘများကို လုပ်အားခ ၁၀ လစာအဖြစ် ကျပ် ၁၅ သိန်းအား ကျော်မင်းဦးမှတစ်ဆင့် ပေးအပ်ခဲ့သည်ဟု စိစစ်တွေ့ရှိခဲ့ကြောင်း၊ ထို့အတွက် မူဆယ်မြို့ အထည်ဆိုင်တွင် အလုပ်ရမည်ဟုပြောပြီး တရုတ်မယားအဖြစ် ရောင်းစားခဲ့သူ ဒေါ်တင်တင်ခိုင် (ခ) မခိုင်၊ ဒေါ်ခင်မာလာသိန်းနှင့် ကျော်မင်းဦးတို့အား ဥပဒေအရ အရေးယူပေးရန် တိုင်တန်းခဲ့ကြောင်း သိရသည်။

အဆိုပါအမှုအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က အေလာနယ်မြေရဲစခန်းတွင် (ပ) ၃၃၇/၂၀၁၇၊ ၂၀၁၅ ခုနှစ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ပုဒ်မ၂၄ ဖြင့် ရေးဖွင့်၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent