ရခိုင်တိုင်းရင်းသားနှစ်ဦး အသတ်ခံခဲ့ရသည့် တရိမ်းမြိုရွာမှ မြိုလူမျိုးတစ်ဦး ထပ်မံအသတ်ခံရ

ရခိုင်တိုင်းရင်းသားနှစ်ဦး အသတ်ခံခဲ့ရသည့် တရိမ်းမြိုရွာမှ မြိုလူမျိုးတစ်ဦး ထပ်မံအသတ်ခံရ
Published 28 December 2017

ရခိုင်တိုင်းရင်းသားနှစ်ဦး အသတ်ခံခဲ့ရသည့် ရခိုင်ရွာအနီးရှိ တရိန်းမြိုရွာမှ မြိုလူမျိုးတစ်ဦး ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းက ထပ်မံအသတ်ခံရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မြိုရွာမှ ရွာသား ၁၈ ဦးခန့် သည် ရွာနှင့် ခြောက်မိုင်ခန့်ဝေးသော နေရာဖြစ်သည့် မြို့မိချောင်း ကျေးရွာအနီးသို့ သွားရောက်ကာ ငါးရှာဟင်းခူးသွားရောက်ခဲ့ရာ လူစုကွဲသွားကြပြီး ကျန်လူများအိမ်သို့ ပြန်ရောက်သော်လည်း ပြန်မရောက်သဖြင့် ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် သွားရောက်ရှာဖွေခဲ့ရာ ဦးခေါင်းတွင် ခုတ်ထစ်ဒဏ်ရာများဖြင့် သေဆုံးနေသော တရိန်းမြိုရွာသားဦး လောင်းပျော်၊ (ဘ) ဦးထူလှိုင်၊ အသက် ၄၉ နှစ်၏ အလောင်းအား တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင်က “မနေ့က မြို့မိချောင်းဘက်ကို ငါးရှာဟင်းခူးဖို့ဆိုပြီး ရွာသား ၁၈ ယောက်တို့ သွားရောက်ခဲ့ပြီး အိမ်သို့ပြန်လာတဲ့ အချိန်မှာ လူစုကွဲသွားတယ်။ တခြားလူတွေ ရွာကိုပြန်ရောက်တော့ ဦးလောင်းပျော် ရောက်မလာဘူး။ ညမထွက်ရ အမိန့်ထုတ်ထားတော့ ညအချိန်သွားရှာဖို့လည်း မဖြစ်နိုင်တဲ့အတွက် ဒီနေ့မနက်စောစော သွားပြီးရှာကြတော့ ကုလားရွာအနီး မြက်ခင်းပြင်မှာ အလောင်းကိုတွေ့တယ်။ ဒဏ်ရာတွေ အများကြီးနဲ့ သေဆုံးနေတယ်။ ဦးခေါင်းမှာလည်း ခုတ်ထစ်ထားတဲ့ ဒဏ်ရာတွေရှိတယ်။ ညာဘက်လက် ချိုင်းအောက် ဘက်မှာလည်း ပြတ်ရှဒဏ်ရာတွေ ရရှိထားတာတွေ့ရတယ်၊ ရဲစခန်းကို အကြောင်းကြားထားပြီး ကျွန်တော်တို့ စောင့်နေပါတယ်” ဟု ပြောကြားသည်။

အဆိုပါ သေဆုံးသူ၏ ဒဏ်ရာဒဏ်ချက်များအရ အသတ်ခံရသူမှာ ဘင်္ဂါလီများ၏ သတ်ဖြတ်ခြင်းကြောင့် သေဆုံးရခြင်း ဖြစ်နိုင်ကာ တောအတွင်း၌ ပုန်းအောင်းနေသော ဘင်္ဂါလီများက သတ်ဖြတ်ခြင်းသာ ဖြစ်နိုင်ကြောင်း၊ အဆိုပါကျေးရွာ အနီးဝန်းကျင်တွင် တခြားလူသူ မရှိကြောင်းလည်း အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသော တရိန်းကျေးရွာသား တစ်ဦးဖြစ်သူ ဦးရွှေကျော်က ဆိုသည်။

ဇွန် ၂၄ ရက်က ငါးရှာဟင်းခူးသွားသော တရိန်းရခိုင်ကျေးရွာမှ ကျေးရွာသားသုံးဦးအနက် နှစ်ဦးအား ဘင်္ဂါလီများက ဝိုင်းဝန်းခုတ်သတ်ခဲ့မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး အလောင်းများကို ဇွန် ၂၅ ရက်တွင် တောအတွင်း၌ ရှာဖွေတွေ့ ရှိခဲ့သည်။ ဘင်္ဂါလီများ၏ အဝိုင်းခံရပြီး သေဆုံးခဲ့သူနှစ်ဦးမှာ ဦးအောင်ကျော် (၅၃ နှစ်) (ဘ) ဦးအောင်စိန်နှင့် ဦးကိုကိုသိန်း (၄၂ နှစ်)(ဘ) ဦးအောင်ကျော်စိန် ဆိုသူတို့ဖြစ်ပြီး ထွက်ပြေးလွတ်မြောက် လာသူနှစ်ဦးမှာ ဦးကျန်သိန်းမောင် (၂၈ နှစ်) (ဘ) ဦးမောင်ဘထွန်း၊ ဦးစံသာ (၃၀ နှစ်) (ဘ)ဦးကျော်ဇံလှဆိုသူ တို့ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent