<

စစ်တွေမြို့တွင် ရခိုင်လူငယ်စာရေးဆရာ တစ်ဦးဖြစ်သည့် ကျော်လင်း (ရောင်စုံ) အား လူနှစ်ဦးက ဓားဖြင့်ထိုးမှုဖြစ်ပွား

ရခိုင်လူငယ်စာရေးဆရာ တစ်ဦးဖြစ်သည့် ကျော်လင်း(ရောင်စုံ) အား လူနှစ်ဦးမှ ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခဲ့မှုတစ်ရပ် ဒီဇင်ဘာ ၂၀ ရက် နေ့လယ် ၁၂ နာရီကျော်ခန့်က စစ်တွေမြို့ ဝေသာလီကွင်းရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ ဓားထိုးမှုကြောင့် ကျော်လင်း (ရောင်စုံ) မှာ ကျောကုန်းတွင် ဒဏ်ရာနှစ်ချက် ရရှိပြီး စစ်တွေဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရကြောင်းနှင့် မင်းဂံရပ်ကွက်မှ စစ်တွေမြို့ တွင်းသို့ မိတ်ဆွေတစ်ဦး၏ ဆိုင်ကယ်နောက်တွင် ထိုင်ပြီး လိုက်ပါလာစဉ် လမ်းခုလပ်တွင် ဓားဖြင့်လာရောက်ထိုးကာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကျော်လင်း (ရောင်စုံ) သည် နိုင်ငံရေးနှင့် ပတ်သက်သည့် ဝေဖန်ရေး ဆောင်းပါးများကို ရေးသားနေသူ တစ်ဦးဖြစ်ပြီး လူမှုကွန်ရက် စာမျက်နှာတွင်လည်း နိုင်ငံရေး ကိစ္စရပ်များကို ဝေဖန်ပြောဆိုသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ယခင်က သတင်းထောက်အဖြစ် လုပ်ကိုင်ဖူးသူဖြစ်ကာ ယခုအခါတွင်း ဆောင်းပါးများ ရေးသားခြင်း၊ စာပေဟောပြောခြင်း များကိုလည်း အခါအားလျှော်စွာ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စအပေါ် ဓားထိုးသူအား မမှတ်မိသည့်အတွက် စုံစမ်းရန် ခက်ခဲနေကြောင်းနှင့် ဒဏ်ရာမှာ ပြင်းထန်မှု မရှိကြောင်း ရဲတပ်ဖွဲ့မှ သိရှိရသည်။

December 20, 2017














Copy Protected by Chetan's WP-Copyprotect.