အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင် လေးဦးကို ထောင်ဒဏ်နှစ်ရှည်အသီးသီး အမိန့်ချမှတ်ခဲ့ပြီး ကျန်နှစ်ဦးကို ပြစ်မှုမထင်ရှားသည့်အတွက် အပြီးပြတ်လွှတ်ပေး

အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင် လေးဦးကို ထောင်ဒဏ်နှစ်ရှည်အသီးသီး အမိန့်ချမှတ်ခဲ့ပြီး ကျန်နှစ်ဦးကို ပြစ်မှုမထင်ရှားသည့်အတွက် အပြီးပြတ်လွှတ်ပေး
Published 15 December 2017

အမိန်‌့ချမှတ်‌ပြီး‌နောက်‌ မီဒီယာများကို ရှင်‌းလင်‌း‌ပြောကြား‌နေသည်‌့ မသီရိလတ်‌နှင်‌့ ဦးကိုလတ်‌တို့၏ အကျိုး‌ဆောင်‌‌ရှေ့‌နေ

အိမ်အကူ မိန်းကလေးငယ် နှစ်ဦးကို ညှင်းပန်းနှိပ်စက်သဖြင့် လူကုန်ကူးမှု အပါအဝင် ရာဇသတ်ကြီးပုဒ်မများဖြင့် တရားစွဲဆို ခံထားရသည့် အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင် ၆ဦးအမှုကို ဒီဇင်ဘာ ၁၅ ရက်က အနောက်ပိုင်းခရိုင် တရားရုံးတွင် အပြီးသတ် အမိန့်ချမှတ်ခဲ့သည်။

အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်များဖြစ်သည့် ဒေါ်တင်သူဇာနှင့် မစုမွန်လတ်တို့ကို ထောင်ဒဏ် ၁၆ နှစ် တစ်လစီ၊ ကိုရာဇာထွန်းအား ထောင်ဒဏ် ၁၃နှစ် ၁ လနှင့် ကိုတင်မင်းလတ်ကို ထောင်ဒဏ် ၉ နှစ်နှင့် ၁ လစီ အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကျန်မိသားစုဝင် နှစ်ဦးဖြစ်သည့် ဦးကိုလတ်နှင့် မသီရိလတ်တို့မှာ ပြစ်မှုမထင်ရှားသည့်အတွက် အမှုမှ ကွင်းလုံးကျွတ် လွှတ်ပေးခဲ့ကြောင်းနှင့် ပြစ်ဒဏ်များနှင့် ပတ်သက်ပြီး အယူခံ တက်ရောက်ခွင့်ရှိကြောင်း အနောက်ပိုင်းခရိုင် တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အနောက်ပိုင်းခရိုင် တရားသူကြီးက မိနစ် ၄၀ ကြာ စီရင်ချက်အမိန့်စာရွက်ကို ဖတ်ရှုပြီး ဒေါ်တင်သူဇာ၊ မစုမွန်လတ်၊ ကိုရာဇာထွန်းနှင့် ကိုတင်မင်းလတ်တို့သည် အိမ်အကူမိန်းကလေးငယ် နှစ်ဦးဖြစ်သော မသဇင်နှင့် မစန်းကေခိုင်တို့ကို ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း၊ လုပ်ခလစာများကို ခေါင်းပုံဖြတ်ခဲ့ကြောင်း၊ အိမ်အတွင်း ပိတ်လှောင်ကာ ခိုင်းစေခဲ့ကြောင်း၊ ဝန်နှင့်အား မမျှအောင် အဓမ္မစေခိုင်းမှုများ ကျူးလွန်ခဲ့ကြောင်း တရားလို၊ တရားလိုပြ သက်သေနှင့် တရားခံပြ သက်သေတို့၏ ထွက်ဆိုချက်များအရ တွေ့ရှိရကြောင်း သုံးသပ်ကာ ယင်းကဲ့သို့ နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်ပြီး မသီရိလတ်နှင့် ဦးကိုလတ်တို့သည် စစ်ဆေးတွေ့ရှိချက်များအရ စွဲဆိုထားသည့် ပြစ်မှုများအား ကျူးလွန်ခြင်း မရှိကြောင်း ထင်ထင်ရှားရှား တွေ့ရသဖြင့် အမှုမှ တရားသေ လွှတ်ပေးခဲ့သည်။

ဒေါ်တင်သူဇာနှင့် မစုမွန်လတ်ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄၊ ၂၉ ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ၊ ကိုတင်မင်းလတ်နှင့် ကိုရာဇာထွန်းတို့ကို လူကုန်ကူးမှုကို အားပေးကူညီသည့် ပုဒ်မ ၃၂ ဖြင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့သည်။

ထို့ပြင် ကလေးသူငယ် ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဒေါ်တင်သူဇာ၊ မစုမွန်လတ်၊ ကိုတင်မင်းလတ်နှင့်ကို ရာဇာထွန်းတို့ကို ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ပြီး ဒေါ်တင်သူဇာ၊ မစုမွန်လတ်၊ ကိုရာဇာထွန်းတို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၅ ဖြင့်ထောင်ဒဏ် ၅ နှစ်စီ၊ ကိုတင်မင်းလတ်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၃ ဖြင့် ထောင်ဒဏ် ၁ နှစ်၊ အိမ်တွင်းပိတ်လှောင်စေမှုဖြင့် အဆိုပါ လေးဦးစလုံးအား ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့သည်။

ရှေ့နေတွေအားလုံး ဝိုင်းကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မကြိုးစားမှုကတော့ အရာထင်သွားခဲ့ပြီး မသီရိလတ်နဲ့ ဦးကိုလတ်တို့ကို အမှုနဲ့ မဆိုင်တဲ့အတွက် တရားသေ လွှတ်ပေးခဲ့ပါတယ်။

ကျန်တဲ့သူတွေ အတွက်တော့ တကယ်ကိုပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒေါ်တင်သူဇာ၊ မစုမွန်လတ်၊ ကိုရာဇာထွန်းနဲ့ ကိုတင်မင်းလတ်တို့အတွက် သူတို့ရဲ့ရှေ့နေတွေက ဒီအပြစ်ဒဏ်နဲ့ ပတ်သက်ပြီး အယူခံ တက်ရောက်ကြမှာပါဟု မသီရိလတ်နှင့် ဦးကိုလတ်၏ အကျိုးဆောင်ရှေ့နေက ပြောကြားသည်။

 

 

Most Read

Most Recent