ရွှေဘိုမြို့ အမှတ် (၂) ရပ်ကွက် နေအိမ်တစ်လုံးတွင် ဓားထောက်ပြီး အနုကြမ်းစီးမှုကြောင့် မိသားစုဝင်သုံးဦး ဒဏ်ရာရရှိ

ရွှေဘိုမြို့ အမှတ် (၂) ရပ်ကွက် နေအိမ်တစ်လုံးတွင် ဓားထောက်ပြီး အနုကြမ်းစီးမှုကြောင့် မိသားစုဝင်သုံးဦး ဒဏ်ရာရရှိ
Published 13 December 2017

အခင်းဖြစ်ပွားခဲ့သည့် နေအိမ်အား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့အမှတ် (၂) ရပ်ကွက်မှ နေအိမ်တစ်လုံးတွင် ဒီဇင်ဘာ ၁၃ ရက် နံနက် ၂ နာရီခန့်က လူတစ်ဦးက ဓားထောက်ပြီး အနုကြမ်းစီးမှုကြောင့် မိသားစုဝင်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုမြို့မ ရဲစခန်းမှ သိရသည်။

အမည်မသိ လူတစ်ဦးက နေအိမ်အတွင်း ဝင်ရောက်လာကာ မိသားစုဝင်များ အိပ်ပျော်နေစဉ် ခြင်ထောင်အား ဆွဲလှန်သဖြင့် နိုးလာသူ တစ်ဦးက အော်ဟစ်ခဲ့ကြောင်း၊ ထို့နောက် အမည်မသိ လူတစ်ဦးက အသင့်ပါလာသည့် ဓားကို ထုတ်ကာ ဓားဖြင့်ထောက်ခဲ့ကြောင်း၊ အော်သံကြောင့် အိမ်အောက်ထပ်မှ မိဘနှစ်ဦးမှာ အခင်းဖြစ်နေရာသို့ ရောက်ရှိလာခဲ့ကြောင်း၊ ထို့ကြောင့် အားလုံးကိုဓားဖြင့် ရမ်းကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“အိမ်ထဲကိုဝင်လာတယ်။ ခြင်ထောင်ကို ဆွဲလှန်တယ်။ ခြင်ထောင်ထဲကသူ နိုးလာတော့ ဓားထုတ်ပြီး ဓားနဲ့ထောက်တယ်။ အော်သံကြားတော့ မိဘနှစ်ဦးက အိမ်ပေါ်ကို တက်လာတယ်။ အဲဒီအချိန်မှာ ဓားထောက်ခံထားရသူကို ဓားနဲ့ဆက်ထောက်ထားပြီး ပစ္စည်းတောင်းတယ်။ ပြီးတော့ ဓားနဲ့ ဟိုယမ်း ဒီယမ်း ယမ်းသွားတယ်။ ထွက်ပြေးတယ်” ဟု ရွှေဘိုမြို့မရဲစခန်းမှ ဖုန်းတာဝန်ကျ ရဲတစ်ဦးက ပြောကြားသည်။

ဓားထောက်ကာ အနုကြမ်းစီးခဲ့သူ ထွက်ပြေးသွားပြီးနောက် အိမ်ရှင်က ပတ်ဝန်းကျင်အား အော်ဟစ်ကာ အကူအညီ တောင်းခဲ့ကြောင်း၊ ရပ်ကွက်နေ ပြည်သူများကလည်း ဓားထောက် အနုကြမ်းစီးသူ၏နောက်ကို လိုက်ခဲ့သော်လည်း ပျောက်ဆုံးသွားခဲ့ကြောင်း အဆိုပါ တာဝန်ကျရဲက ဆက်လက်ပြောကြားသည်။

ဓားထောက်ပြီး အနုကြမ်းစီးခံခဲ့ရသည့် မိသားစုဝင် သုံးဦးမှာ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း စိုးရိမ်ရသည့် အနေအထားတွင် မရှိကြောင်း ဓားထောက်အနုကြမ်းစီးခဲ့သူအား ရွှေဘိုခရိုင်ရဲတပ်ဖွဲ့က စုံစမ်းနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေဘိုမြို့မ ရဲစခန်း(ပ)၇၀၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

Most Read

Most Recent