အထက (၁၀) တာမွေ ကျောင်းဝင်းအတွင်း ကျောင်းလုံခြုံရေးသားအဖထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

အထက (၁၀) တာမွေ ကျောင်းဝင်းအတွင်း ကျောင်းလုံခြုံရေးသားအဖထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Published 6 August 2017

အထက(၁၀)တာမွေ ကျောင်းဝင်းအတွင်း၌ ကျောင်းလုံခြုံရေး သားအဖထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သြဂုတ် ၅ ရက်တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၃ ရက် ည ၁၂ နာရီကျော်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး Call Center 199 သို့ ဖုန်းဖြင့်ဆက်သွယ်ထားသည့် သတင်းရသဖြင့် တာမွေမြို့နယ်၊ ဗညားဒလလမ်းရှိ အထက (၁၀) တာမွေကျောင်းဝင်း အတွင်းတွင် ကျောင်းလုံခြုံရေးသားအဖ နှစ်ဦးဖြစ်သည့် ကို....(၃၂) နှစ်နှင့် ဦး.... (၅၅) နှစ်တို့မှာ မူးယစ်ဆေးဝါးများ ရောင်းဝယ်လေ့ရှိကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ ရဲစခန်းမှ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ဝင်ရောက်ရှာဖွေရာ ကျောင်းဝင်းအတွင်းရှိ ပတ္တမြားဆောင်၊ သိပ္ပံလက်တွေ့ခန်းရှေ့ရှိ ရပ်ထားသည့် ၎င်းတို့နှစ်ဦး စီးလေ့ရှိသည့် စက်ဘီးထိုင်ခုံအောက်တွင် အကြည်ရောင် ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် ဆေးခြောက်ဟု ယူဆရသည့် အညိုရောင် အရွက်ခြောက် တစ်ဂရမ်ပါ တစ်ထုပ်နှင့် အကြည်ရောင် ပလက်စတစ်အိတ်အတွင်း ဆေးခြောက်ဟု ယူဆရသည့် အညိုရောင်အရွက် (ဝ.၂)ဂရမ်ပါ တစ်ထုပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းဝင်းအတွင်းတွင် ကျောင်းလုံခြုံရေးဖြစ်သူ ဦး ....(၅၅) နှစ်သာ တွေ့ရှိသဖြင့် သက်ဆိုင်ရာမှ ဖမ်းဆီးထားပြီး သားဖြစ်သူ ကို...(၃၂) နှစ်အား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။ ကျောင်းလုံခြုံရေး သားအဖနှစ်ဦးအား တာမွေမြို့မရဲစခန်းမှ မူး/စိတ် ပုဒ်မ- ၁၅/၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Writer: သီဟအောင်

Most Read

Most Recent