မရမ်းကုန်းမြို့နယ် Farmer Money Changer အတွင်းသို့ နှာခေါင်းစည်းတပ်ထားသည့် အမျိုးသားတစ်ဦး ဝင်ရောက်ပြီး ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်မှု ဖြစ်ပွား

မရမ်းကုန်းမြို့နယ် Farmer Money Changer အတွင်းသို့ နှာခေါင်းစည်းတပ်ထားသည့် အမျိုးသားတစ်ဦး ဝင်ရောက်ပြီး ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်မှု ဖြစ်ပွား
Published 5 August 2017

Farmer Money Changer တွင် နှာခေါင်းစည်းတပ် အမျိုးသားတစ်ဦး သေနတ်ဖြင့်ခြိမ်းခြောက် ပစ်ခတ်မှုဖြစ်ပွားအပြီး ရဲတပ်ဖွဲ့က လုံခြုံရေး ရယူထားစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မရမ်းကုန်းမြို့နယ် ကိုးမိုင် Ocean ရှေ့ရှိ Farmer Money Changer အတွင်းသို့ နှာခေါင်းစည်း တပ်ထားသည့် အမျိုးသားတစ်ဦး ဝင်ရောက်ပြီး ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်မှု သြဂုတ် ၅ ရက် နံနက်က ဖြစ်ပွားခဲ့သည်။

သြဂုတ် ၅ ရက် နံနက် ၈ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက် ပြည်လမ်းနှင့် ယိုးဒယားလမ်းထောင့် အမှတ် (၁၉) ရှိ Farmer Money Changer ဆိုင်အတွင်းသို့ ဘောင်းဘီအနက်၊ အကျီလက်တိုအနက်၊ လျှာထိုးဦးထုပ်အနက်၊ နှာခေါင်းစည်း အစိမ်းရောင် ဝတ်ဆင်ထားသည့် ၂၆ နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ဝင်ရောက်ခဲ့သည့် အမျိုးသားအား ဆိုင်အပြင်ဘက်တွင် အခြားအမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် စောင့်နေကြောင်း သိရသည်။ ထို့နောက် ၂၆ နှစ်ခန့်ရှိ နှာခေါင်းစည်းတပ် အမျိုးသားမှာ ဆိုင်အတွင်းသို့ဝင်၍ ဆိုင်မှတာဝန်ကျ ဝန်ထမ်းအမျိုးသမီးအား ဒေါ်လာ ၃၀ လဲလှယ်ပေးရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ပြောဆိုသဖြင့် ဝန်ထမ်းများက ကျသင့်ငွေ ကျပ် ၄၀၈၀၀ ထုတ်ပေးခဲ့ပြီး အစိမ်းရောင် နှာခါင်းစည်းတပ် အမျိုးသားထံမှ ကျပ် ၂၀၀ အား ပြန်အမ်းရန် ပြောဆိုခဲ့ကြောင်း၊ ထိုသို့ပြောဆိုသည့်အချိန်တွင် အဆိုပါအမျိုးသားမှာ ဆိုင်အတွင်းတံခါးအား ဖွင့်ပေးရန် ဝန်ထမ်းများအား ပြောဆိုခဲ့ကြောင်း သိရသည်။

ဆိုင်တံခါးဖွင့်ပေးရန် ပြောဆိုသည့်အချိန်တွင် ဝန်ထမ်းများက မဖွင့်ပေးသဖြင့် အဆိုပါအမျိုးသားက ၎င်းလွယ်အိတ်အတွင်းမှ အနက်ရောင်အသံတိတ် ပြောင်းတပ်ဆင်ထားသည့် သေနတ်တစ်လက် ထုတ်ကာ ခြိမ်း ခြောက်ပစ်ခတ်ခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ ပစ်ဖောက်ခဲ့သဖြင့် ငွေလဲကောင်တာပေါ်တွင် တင်ထားသည့် လေးလက်မခန့် အရွယ်အစားရှိ ကျောက်စိမ်းဘုရားအား ထိမှန်ပြီး ကျည်ဆန်မှာ အနောက်ဘက် ဆိုင်အုတ်နံရံအား ထိမှန်သွားကြောင်း သိရသည်။
“သူတို့က ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးလာတာ။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့သူက ဆိုင်အပြင်ဘက်မှာ နေခဲ့တယ်။ ဆိုင်ထဲဝင်တာကတော့ တစ်ယောက်ပါ။ နှစ်ယောက်စလုံး အစိမ်းရောင်နှာခေါင်းစည်းတွေ တပ်ထားပါတယ်။ တစ်ယောက်ကဝင်ပြီး အရင်ဆုံး ဒေါ်လာ ၃၀ လဲတယ်။ လဲတော့ ဆိုင်ကဝန်ထမ်းလေးတွေက မြန်မာငွေ ၄၁၀၀၀ ပေးပြီး သူ့ကို ကျပ် ၂၀၀ ပြန်အမ်းခိုင်းတယ်။ အဲဒီလိုအမ်းခိုင်းတဲ့အချိန်မှာ သူက ဆိုင်အတွင်းဘက် တံခါးကို ဖွင့်ပေးဖို့ပြော တော့ ဆိုင်ကဝန်ထမ်းက မဖွင့်ပေးဘူး။ အဲဒီအချိန်မှာပဲ သူက လွယ်ထားတဲ့အိတ်ထဲက သေနတ်ကိုထုတ်ပြီး ခြိမ်းခြောက်တဲ့အချိန်မှာ တစ်ချက်ဖောက်မိသွားတယ်။ အဲဒီအချိန်မှာ ကျည်ဆန်က ဆိုင်ကောင်တာပေါ်မှာ တင်ထားတဲ့ ဘုရားဆင်းတုတော်ရယ်၊ ပန်းအိုး အောက်ခြေရယ်၊ ဆိုင်နောက်ဘက်နံရံကို ထိသွားပါတယ်။ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ ဆိုင်ကလည်း ပိုက်ဆံတွေ မပါသွားပါဘူး။အခုတော့ ဆိုင်က CCTV တွေကို စစ်ဆေးနေပြီး ကျုးလွန်တဲ့သူနှစ်ယောက်ရဲ့ပုံကို သက်ဆိုင်ရာ ရဲစခန်းတွေကို ဖြန့်ဝေပြီး အမြန်ဆုံးဖမ်းဆီးရမိဖို့ အမှုဖွင့်ဆောင်ရွက်နေပါတယ်” ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှုဖြစ်စဉ်နှင့်ပတ်သက်၍ Farmer Money Changer ဆိုင်သို့ သွားရောက်မေးမြန်းရာ ဆိုင်မှ တာဝန်ရှိသူတစ်ဦးက “ဖြစ်ပျက်သွားတာတော့ ဟုတ်ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေလည်း ဆိုင်ကို လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ပြီးပါပြီ။ ငွေလည်း မပါသွားပါဘူး။ သက်ဆိုင်ရာရဲတာဝန်ရှိသူတွေကလည်း သူတို့ကို လိုက်လံဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို မရမ်းကုန်းမြို့မရဲစခန်းက (ပ) ၆၆၉/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၉၃/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နည်းတူ လမ်းမတော်မြို့နယ် ပြည်လမ်း တော်ဝင်စင်တာအနီးရှိ Farmer Money Changer သို့ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် သြဂုတ် ၃ ရက် ည ၈ နာရီခန့် တွင် ဆိုင်အတွင်းသို့ အမည်မသိ လူလေးဦးဝင် ရောက်လာပြီး ဆိုင်မှ ငွေသိမ်းတာဝန်ခံအား ဝိုင်းဝန်းရိုက်နှက်၍ ကျပ်သိန်း ၃၅၀ ခန့်ပါ အထုပ်ကို လုယူကာ Alphard အမျိုးအစားယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးခဲ့ပြီး ကျုးလွန်သူများအား ယနေ့အထိ သက်ဆိုင်ရာရဲတာဝန်ရှိသူများက ဖမ်းဆီးရမိခြင်း မရှိသေး ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် လူစည်ကားသည့် စမ်းချောင်းမြို့နယ် ရှမ်းကုန်းလမ်းရှိ M.S Group Money Changer သို့ အမျိုးသားနှစ်ဦး ဆိုင်အတွင်းသို့ ဝင်လာပြီး ဆိုင်ရှိဝန်ထမ်းအား မေးမြန်းစကားပြောနေစဉ် ၎င်းတို့နှစ်ဦးထဲမှ တစ်ဦးက လေးခွဖြင့်ချိန်ပြီး ကျန်တစ်ဦးက သေနတ်နှစ်ချက်ဖောက်ကာ ပိုက်ဆံများယူဆောင်ပြီး ဆိုင်အပြင်သို့ထွက်ကာ မြဝတီလမ်းအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ ထွက်ပြေးစဉ် ၎င်းတို့နှစ်ဦးအား ပတ်ဝန်းကျင်မှ လိုက်လံဖမ်းဆီးချိန်တွင် သေနတ်တစ်ချက် ထပ်မံပစ်ဖောက်ပြီး လိုင်းကားတစ်စီးပေါ်သို့ ထွက်ပြေးသွားခဲ့သည့်ဖြစ်စဉ်မှ ကျုးလွန်သူ နှစ်ဦးအား ရှစ်လ ကျော်ကြာမြင့်သည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

Writer - အောင်မျိုးသန့်၊ သီဟအောင်

Most Read

Most Recent