ဒိုက်ဦးမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ၂၀ ဘီး တွဲယာဉ်တစ်စီး လမ်းဘေးကုက္ကိုလ်ပင်အား ဝင်တိုက်ပြီး ယာဉ်ပေါ်လိုက်ပါသူ ၂ ဦး သေဆုံး

ဒိုက်ဦးမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ၂၀ ဘီး တွဲယာဉ်တစ်စီး လမ်းဘေးကုက္ကိုလ်ပင်အား ဝင်တိုက်ပြီး ယာဉ်ပေါ်လိုက်ပါသူ ၂ ဦး သေဆုံး
Published 10 December 2017

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ဒီဇင်ဘာ ၁၀ ရက် နံနက်အစောပိုင်းက ပဲခူးမြို့ဘက်မှ ဒိုက်ဦးဘက်သို့ မောင်းနှင်လာသော ၂၀ ဘီး တွဲကားတစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းမနဘေး သစ်ပင်အား ဝင်တိုက်မိရာမှ ယာဉ်မောင်းနှင့် ယာဉ်ပေါ် လိုက်ပါသူ ၂ ဦးလုံး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒိုက်ဦးမြိုမ ရဲစခန်းမှ သိရသည်။

“ကားက ဘေး ကုက္ကိုလ်ပင်ကို ဝင်တိုက်တာ၊ ထင်တာတော့ ယာဉ်မောင်းက အိပ်ငိုက်တဲ့ပုံ ရပါတယ်၊ အိပ်ငိုက်ပြီးတော့ လမ်းညာဘက်ဘေး ထိုးဆင်းပြီးတော့ ကုက္ကိုလ်ပင်ကို ဝင်တိုက်မိတာပေါ့၊ ကားထဲမှ ၂ ယောက်က ခေါင်းထဲမှာညှပ်နေတဲ့ အခါကျတော့ ကျွန်တော်တို့က လူနာတွေကိုတောင်မှ ကရိန်းကားနဲ့ ဆွဲထုတ်ရတာ၊ နောက်ခန်းက တစ်ယောက်ပေါ့၊ အိပ်တဲ့လူပေါ့၊ ရှေ့ခန်းက မောင်းတဲ့လူတစ်ယောက် တွေ့တယ်၊ ၂ ယောက်လုံးကတော့ သေနေပြီပေါ့၊ သူတို့ ဂိတ်ကထွက်တဲ့ ကားတွေရဲ့ ပြောကြားချက်အရ နောက်ခန်းမှာအိပ်တဲ့လူက ယာဉ်မောင်း၊ ရှေ့က ယာဉ်မောင်းနေရာမှာ နေတဲ့လူက မမြင်ဖူးဘူးလို့ ပြောတယ်၊အဲ့လိုဖြစ်တာ၊ မောင်းတဲ့ တရားခံနာမည်က စုံစမ်းဆဲပေါ့၊ နောက်ကအိပ်လိုက်တဲ့ ပတ်ကားယာဉ်မောင်း နာမည်ပဲသိတယ်” ဟု ဒိုက်ဦးမြို့မ ရဲစခန်းမှူး ဒုရဲမှူးမောင်ကိုက ပြောကြားသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ ရက် နံနက် ၄ နာရီအချိန်ခန့်က ဒိုက်ဦးမြို့ အကြောင်ခင် တံတားအနီး ရန်ကုန်-မန္တလေး ကားလမ်းမဟောင်းပေါ်တွင် ပဲခူးမြို့ဘက်မှ ဒိုက်ဦးမြို့ဘက်သို့ ယာဉ်မောင်း(အမည်နေရပ်လိပ်စာ စုံစမ်းဆဲ)မောင်းနှင်လာပြီး ယာဉ်နောက်ခန်းတွင် ကိုအေးကျော် လိုက်ပါလာသော YGN 2P 6005 ခေါင်းအဖြူရောင်(MAN-ဥရောပ) အမျိုးအစား ၂၀ ဘီးတွဲကားယာဉ်မှာ လမ်းမကြီး မိုင်တိုင်အမှတ် ၈၂ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံအကြားသို့အရောက်တွင် အရှိန်မထိန်းနိုင်ပဲ လမ်းမအရှေ့ဘက်ရှိ ကုက္ကိုလ်ပင်အား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနှင်လာသူ(အမည်နေရပ် စုံစမ်းဆဲ)နှင့် ယာဉ်နောက်ခန်းတွင် အိပ်၍လိုက်လာသူ ကိုအေးကျော်တို့ မှာ ကားခေါင်းအတွင်း ညှပ်မိပြီး ဦးခေါင်းကြေမွ၊ ညာဘက်လက်ပြတ်၊ ခြေထောက်ပေါင်ရိုးကျိုး ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း၊၂၀ ဘီးတွဲကားယာဉ်၏ ရှေ့ခေါင်းခြမ်းတစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့ပြီး၊ ဒိုက်ဦးမြို့မ ရဲစခန်းမှတာဝန်ရှိသူများနှင့် ကရိန်းကား အကူအညီဖြင့် ယာဉ်နှင့်သေဆုံးသူများ၏ အလောင်းများအား ပြန်လည်ဆွဲတင်ခဲ့ရကြောင်း သိရသည်။

“မနက် ၃ နာရီလောက်က ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ကားမှောက်သံကြားလို့ကျွန်တော်က မနက်လေးနာရီက သွားကြည့်ခဲ့တယ်၊ သွားကြည့်တဲ့အချိန်မှာ ကားက ညာဘက်ခြမ်းကို မှောက်နေတယ်၊ ကားရဲ့စီယာတိုင်ဘက်မှာ ဒရိုင်ဘာနဲ့စပယ်ယာနဲ့၊ခြေထောက် တန်းလန်းကြီးတွေနဲ့ ညှပ်နေတာ၊ ဆွဲထုတ်လို့မရဘူး” ဟု ယာဉ်တိုက်မှုဖြစ်ပွားရာသို့ သွားရောက်ကြည့်ရှုခဲ့သူ ဒိုက်ဦးမြို့ခံ ကိုရဲထွန်းက ပြောကြားသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တွဲကားယာဉ်မောင်း(အမည် နေရပ် စုံစမ်းဆဲ)အား ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ်မျိုးမင်းဦးက တရားလိုလုပ် တိုင်တန်းခဲ့သောကြောင့် ဒိုက်ဦးမြို့မ ရဲစခန်းမှ ယာဉ်(ပ)၅၂/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၀၄-(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent