၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ယာဉ်တစ်စီးပေါ်မှ လင်းမြွေအရှင် အကောင် ၈၂၀ နှင့် အသေငါးကောင် ဖမ်းဆီးရမိ

၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ယာဉ်တစ်စီးပေါ်မှ လင်းမြွေအရှင် အကောင် ၈၂၀ နှင့် အသေငါးကောင် ဖမ်းဆီးရမိ
Published 7 December 2017

ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် ယာဉ်တစ်စီးပေါ်မှ လင်းမြွေအရှင် အကောင် ၈၂၀ နှင့် အသေ ငါးကောင်ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး နယ်မြေရဲစခန်း (အုန်းချော) မှ အမျိုးသားနှစ်ဦးအား ဖမ်းဆီး အရေးယူထားကြောင်း သတင်းရရှိသည်။

ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မူးယစ်တပ်ဖွဲ့စု (၁၇) မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့တို့သည် ဒီဇင်ဘာ ၅ ရက် နံနက် ၅ နာရီခွဲက ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာတွင်ရှိသည့် ၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် ယာဉ်များအား စစ်ဆေးနေစဉ် မန္တလေးဘက်မှ ပြင်ဦးလွင်ဘက်သို့ သွားရောက်မည့် MDY 3E/---- Caldina ယာဉ်အား ရပ်တန့်ရှာဖွေ စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ယာဉ်ပေါ်တွင် လင်းမြွေများအား ပိတ်စဖြင့်ထုပ်ကာ သစ်သီးထည့် ပလတ်စတစ်ခြင်းအတွင်း ထည့်ထားသော ခြင်း ၅၂ ခြင်းနှင့် အထုပ်သုံးထုပ်အား တွေ့ရှိပြီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် လင်းမြွေများကို မန္တလေးမြို့ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်တွင် အပ်နှံထားပြီးနောက် ဖွင့်ဖောက်စစ်ဆေးခဲ့ရာ မြွေအရှင် အကောင် ၈၂၀၊ အသေငါးကောင် ဖြစ်ကြောင်း သိရသည်။

အဆိုပါမြွေများအား ရတနာပုံတိရစ္ဆာန်ဥယျာဉ်တွင် ယာယီအပ်နှံထားရှိပြီး ယာဉ်မောင်းဖြစ်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသားနှင့် လိုက်ပါလာသည့် အသက် ၃၀ အရွယ်အမျိုးသားတို့အား နယ်မြေရဲစခန်း (အုန်းချော) မှ (ပ) ၂၃၉/၂၀၁၇၊ တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၆ (က) အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent