အမြန်လမ်းမကြီးပေါ်တွင် စကားအင်းတိုးဂိတ်နှင့် ဖြူးတိုးဂိတ်များရှိ လမ်းအသုံးပြုခ ကောက်ခံရေး ကောင်တာများအား ခရီးသည်တင်မှန်လုံယာဉ်များမှ ဝင်တိုက်မှုဖြစ်ပွား

အမြန်လမ်းမကြီးပေါ်တွင် စကားအင်းတိုးဂိတ်နှင့် ဖြူးတိုးဂိတ်များရှိ လမ်းအသုံးပြုခ ကောက်ခံရေး ကောင်တာများအား ခရီးသည်တင်မှန်လုံယာဉ်များမှ ဝင်တိုက်မှုဖြစ်ပွား
Published 30 November 2017

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ နိုဝင်ဘာ ၂၉ ရက်နေ့ ညပိုင်းက စကားအင်း တိုးဂိတ်နှင့် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက ဖြူး တိုးဂိတ်များရှိ လမ်းအသုံးပြု ေကောက်ခံရေး ကောင်တာများအား ခရီးသည်တင်မှန်လုံယာဉ်များက ဝင်တိုက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူများအား ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိကြောင်း နေပြည်တော် အမြန်လမ်းမကြီးရုံးမှသိရသည်။

နိုဝင်ဘာ ၂၉ ရက် ည ၉ နာရီခွဲခန့်က၊ တံတားဦးမြို့နယ် စကားအင်း အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၅၂ မိုင် ၁ ဖာလုံရှိ စကားအင်းတိုးဂိတ်၌ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယဉ်မောင်း စောအယ်ထူး ၃၀ နှစ်(ဘ) ဦးမောင်မောင်ဦး မင်းလှမြို့နေသူမောင်းနှင်လာသော ယာဉ်အမှတ် 3D/----ခိုင်မန္တလေး EXPRESS အစိမ်းရောင်ယာဉ်မှာ တိုးဂိတ်သို့ ဝင်ရောက်စဉ် ယာဉ်၏ယာဘက်ဘေး အင်ဂျင်ဖုံး တံခါးပွင့်ကာ လမ်းအသုံးပြုခ ကောက်ခံသည့် ကောင်တာအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းအရ အမြန်လမ်းရဲတပ်ဖွဲ့ တာဝန်ရှိသူများမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ EXPRESS ယာဉ်ပေါ် ပါရှိသူ ယာဉ်မောင်းပါ ကျား ၁၆ ဦး၊ မ ၁၀ ဦး စုစုပေါင်း ၂၆ ဦးနှင့်ကောင်တာမှ တိုးဂိတ်ဝန်ထမ်းများတွင် ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း၊ ခိုင်မန္တလေး EXPRESS ယာဉ်မှာ ယာဘက်နောက် အင်ဂျင်ဖုံးတံခါး ပြုတ်ထွက်ပျက်စီး သွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်အား မဆင်မခြင်ပေါ့လျော့စွာ မောင်းနှင်သူ ယာဉ်မောင်း စောအယ်ထူး အပေါ် ဥပဒေအရအရေးယူပေးရန်၊ ဒုရဲအုပ်စန်းယုမှ တရားလိုလုပ်တိုင်တန်းခဲ့သောကြောင့် စကားအင်း အမြန်လမ်းမကြီး ရဲစခန်းမှယာဉ်(ပ)၃၈/၂၀၁၇၊ ပြစ်မှုပုဒ်မ ၂၇၉ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆက်လက်ပြီး နိုဝင်ဘာ ၃၀ ရက် နံနက် ၀၀း၅၀ မိနစ်ခန့်ကလည်း ဖြူးမြို့နယ် ဖြူးအမြန်လမ်းမကြီးရဲစခန်းအပိုင် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၅ မိုင်ရှိ ဖြူးတိုးဂိတ်၌ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ရဲဝင်း ၃၆ နှစ်(ဘ) ဦးဖိုးလုံး၊ တောင်နန်ချွန်ကျေးရွာ ရေတာရှည်မြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 3N/--- ဂန္ဒဝင်EXPRESS မော်တော်ယာဉ်မှာ တိုးဂိတ်သို့ဝင်ရောက်စဉ် ယာဉ်၏ယာဘက်ဘေး အင်ဂျင်ဖုံးတံခါးပွင့်ပြီး လမ်းအသုံးပြုခကောက်ခံသည့် ကောင်တာအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုဖြစ်ပွားရာသို့ ဖြူးအမြန်လမ်းမကြီး ရဲစခန်းမှတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ ဂန္ဒဝင် EXPRESS ယာဉ်ပေါ်ပါရှိသူ ယာဉ်မောင်းပါ ကျား ၂၀ ဦး၊ မ ၁၅ ဦး၊ စုစုပေါင်း ၃၅ ဦးနှင့် ဖြူး တိုးဂိတ်ဝန်ထမ်းများတွင် ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့ကြောင်း၊ ဂန္ဒဝင် EXPRESS ယာဉ်၏ ယာဘက်နောက်အင်ဂျင်ဖုံးတံခါး ပြုတ်ထွက်ပျက်စီးသွားခဲ့ကြောင်း၊ အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်း ရဲဝင်းအား ဖြူးအမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၂၈/၂၀၁၇၊ပြစ်မှုပုဒ်မ ပြဟ်မှုပုဒ်မ ၂၇၉ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent