ကော့သောင်းမြို့နယ်တွင် မိခင်က သမီးအရင်းအား ရိုက်နှက်ရာမှ လက်လွန်ကာ သေဆုံးခဲ့သဖြင့် အလောင်းစွန့်ပစ်မှု ဖြစ်ပွား

ကော့သောင်းမြို့နယ်တွင် မိခင်က သမီးအရင်းအား ရိုက်နှက်ရာမှ လက်လွန်ကာ သေဆုံးခဲ့သဖြင့် အလောင်းစွန့်ပစ်မှု ဖြစ်ပွား
Published 28 November 2017

ကော့သောင်းမြို့နယ်တွင် မိခင်က သမီးအရင်းအား ရိုက်နှက်ရာမှ လက်လွန်ကာ သမီးဖြစ်သူ သေဆုံးခဲ့ပြီး အလောင်းအား ပင်လယ်ဆိပ်ကမ်းတွင် စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း ကော့သောင်းမြို့နယ် မာရမ်းနယ်မြေရဲစခန်းမှ သိရသည်။

ကော့သောင်းမြို့နယ် လုံးဖောကျေးရွာတွင် နေထိုင်သည့် ခိုင်ခင်ဝင်း(ခ) ကပ္ပလီမ ဆိုသူမှာ နိုဝင်ဘာ ၁၈ ရက်က ဆိုင်ကယ် တက္ကစီတစ်စီးဖြင့် ထွက်ခွာသွားသည်ကို ပတ် ဝန်းကျင်နေသူများ တွေ့ရှိခဲ့ကြောင်း၊ ထိုသို့ ထွက်ခွာရာတွင် ကပ္ပလီမ၏ သမီးအကြီး မခရေဖွေး (ခ)အင်္ဂလိပ်မ (၄ နှစ်) မှာ အတူပါသွားခဲ့ခြင်း မရှိသည်ကို တွေ့ရသဖြင့် ဒေသခံများက အိမ်တွင် သွားရောက်ကြည့်ရှုရာ နေအိမ်တွင် တစ်ဦးတစ်ယောက်မျှ မတွေ့ရသောကြောင့် ရဲတပ်ဖွဲ့ဝင်များထံ သွားရောက် အကြောင်းကြားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များက လုံးဖောကျေးရွာနေ ဆိုင်ကယ်တက္ကစီမောင်းသူ ဇော်ဇော်ဝင်းအား စစ်ဆေးမေးမြန်းရာ မခိုင်ခင်ဝင်းမှာ မိုးမိုးခိုင် ဆိုသည့် အမျိုးသမီးတစ်ဦးနှင့် တစ်နှစ်အရွယ် သားငယ်အားခေါ်ယူပြီး ဆိုင်ကယ်လာရောက် ငှားရမ်းခဲ့ကြောင်း၊ ၎င်းတို့တွင် ခရီးဆောင် သေတ္တာအိတ်တစ်လုံးပါလာပြီး ကော့သောင်းမြို့သို့ ပို့ဆောင်ပေးခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များက ဆက်လက်စုံစမ်းရာ မခိုင်ခင်ဝင်းတို့ ကျေးရွာမှမထွက်ခွာမီ နေအိမ်တွင် ကလေးအား ရိုက်နှက်နေသည့်အသံ၊ ကလေးငိုသံများ ကြားခဲ့ရကြောင်း၊ ခဏအကြာတွင် ကလေးငိုသံတိတ်သွားကြောင်း ပတ်ဝန်းကျင်တွင် နေထိုင်သူများက ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များကအမှုနှင့်ပတ်သက်ပြီး မခိုင်ခင်ဝင်းနှင့် မမိုးမိုးခိုင်တို့အားမေးမြန်းရာ သမီးကြီး မခရေဖွေးအား ဖခင်ဖြစ်သူ ဂျာမနီနိုင်ငံသား မစ္စတာဖလိုးမှ လာရောက် ခေါ်ယူသည်ဟု ထွက်ဆိုခဲ့သောကြောင့် ဆက်သွယ်စုံစမ်းရာ မစ္စတာဖလိုး ရောက်ရှိလာပြီး သမီးအား ခေါ်ယူခဲ့ခြင်းမရှိကြောင်း တွက်ဆိုခဲ့သည်ဟု သိရသည်။

“ဖြစ်စဉ်ကတော့ မိခင်ဖြစ်သူရဲ့ မဆင်မခြင်လုပ်ရပ်ပေါ့။ ကလေးကို ရိုက်နှက်ဆုံးမလိုက်တာ လက်လွန်ပြီး ကလေးက သေဆုံးခဲ့ရတယ်။ ဒါကို မကပ္ပလီမရဲ့ မိတ်ဆွေဖြစ်တဲ့ မမိုးမိုးခိုင်နဲ့တိုင်ပင်ပြီး ကလေးအလောင်းကို ကော့သောင်းဆိပ်ကမ်းမှာ သွားရောက်စွန့်ပစ် ကြတာပါ။ ကျွန်တော်တို့ အခု နိုဝင်ဘာ ၂၇ ရက် ညအထိ ရေစီးကြောင်းအတိုင်း လိုက်လံရှာဖွေမှုတွေလုပ်နေတယ်။ ကလေးရဲ့အလောင်းကိုတော့ မရသေးဘူး။ လက်ရှိအနေအထားအရ ပုဒ်မကို ပြောင်းလိုက်ပါပြီ။ ၃၀၄ ကို ပြောင်းလဲဖွင့်လှစ်ထားပါတယ်။ မိခင်ဖြစ်သူကလည်း ဝန်ခံထွက်ဆိုထားပါတယ်။ ကလေးကို ရိုက်နှက်လိုက်တာ မတော်တဆသေဆုံးသွားခဲ့ရလို့ ကော့သောင်းမြို့ကိုလာပြီး စွန့်ပစ်ခဲ့တာလို့ ပြောပါတယ်” ဟု မာရမ်းနယ်မြေ ရဲစခန်းမှ စခန်းမှူးယဉ်ထွေးက ပြောကြားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မာရမ်းနယ်မြေ ရဲစခန်းက အရေးယူနိုင်ရန် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent